မုန်တိုင်းကြောင့် ကော့ဘဇားဒုက္ခသည်စခန်းတွေက နေအိမ်တစ်သောင်းနီးပါး ပျက်စီး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ မုန်တိုင်း တိုက်ခတ်ပြီး အဆောက်အအုံ တစ်သောင်းနီးပါး ပျက်စီးသွားတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ကော့ဘဇားမြို့မှာ ရိုဟင်ဂျာဒုက္ခသည်စခန်း ၃၄ ခု ရှိပါတယ်။

မုန်တိုင်းကြောင့် နေအိမ်အဆောက်အုံတွေ လေနဲ့အတူ လွင့်ပါခဲ့သလို မြေပြိုတာတွေလည်း ရှိခဲ့တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ကူတုပါလောင် ဒုက္ခသည်စခန်းမှာ အဆောက်အအုံ ၅၀၀ကျော် ပျက်စီးသွားတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည် ကိုအောင်မြိုင်က ပြောပါတယ်။

"ကျွန်တော်တို့ ဒုက္ခသည်စခန်း တစ်ခုတည်းမှာတင် အိမ်ခြေ ငါးရာလောက် ပျက်စီး တယ်။ ဒုက္ခသည် စခန်း အကုန်လုံး ပေါင်းရင်တော့ ပျက်စီးတာ တစ်သောင်းလောက် ရှိတယ် "

အဲဒီ စခန်းတွေမှာ အဆောက်အအုံ အများစုက ဝါး၊ ထရံနဲ့ တာလပတ်တွေနဲ့ ဆောက်လုပ် ထားတာပါ။

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြပြီး ယနေ့အထိ နေရပ်မပြန်နိုင်ကြသေးတာပါ။