မုန်တိုင်းမိုခါကြောင့် ရန်ကုန်က ၂၃ မြို့နယ်မှာ သစ်ပင်တွေလဲ

RFA Burmese
2023.05.14
မုန်တိုင်းမိုခါကြောင့် ရန်ကုန်က ၂၃ မြို့နယ်မှာ သစ်ပင်တွေလဲ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့တွင် မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ပြီး သစ်ပင်ကျိုးကျသဖြင့် မီးသတ်တပ်ဖွဲ့က ကူညီရှင်းလင်းနေသည်ကို ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့က တွေ့ရစဉ်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ မေလ ၁၄ ရက် ညနေပိုင်းအထိ ထုတ်ပြန်ချက်တွေအရ ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရန်ကုန်တိုင်းထဲက မြို့နယ် ၂၃ မြို့နယ်မှာ သစ်ပင် လဲကျမှု ၃၄ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။

ရခိုင်ကမ်းရိုးတန်းဒေသနဲ့ ဘင်္ဂလားဒေရှ့်အနီးမှာ ဝင်ရောက်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း ကြောင့် ရန်ကုန်မြို့ပေါ်မှာလည်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေပြင်းတိုက်ခတ်မှုတွေ လည်း ရှိခဲ့တာပါ။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သန်လျင်မြို့နယ်မှာ သစ်ပင်ကျိုးကျမှု လေးကြိမ်နဲ့ ကြည့်မြင်တိုင်မြို့နယ်က သုံးကြိမ်ကို ရှင်းလင်းခဲ့ရတယ်လို့ တွေ့ရပါတယ်။

ဒါ့အပြင် ဒေါပုံမြို့နယ်၊ သာကေတမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ လှည်းကူးမြို့နယ်၊ တာမွေမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်နဲ့ ကမာရွတ်မြို့နယ်တွေမှာ လည်း သစ်ပင်ကျိုးကျမှု နှစ်ကြိမ်စီ ရှိခဲ့ပြီး ရှင်းလင်းရေးလုပ်ခဲ့ရတယ် ဖော်ပြထားပါတယ်။

ကျန်တဲ့မြို့နယ်တွေမှာတော့ သစ်ပင်ကျိုးကျမှု တစ်ကြိမ်စီ ရှင်းလင်းခဲ့ရတာလို့ ဆိုပါတယ်။

အဲဒီအထဲမှာ လမ်းပေါ်ကို သစ်ပင်လဲကျတာအပြင် နေအိမ်အဆောက်အအုံပေါ် သစ်ပင် လဲကျတာနဲ့ ကားပေါ်ကို သစ်ပင်လဲကျတာတွေ ပါဝင်နေပါတယ်။

ရန်ကုန်မြို့ပေါ်မှာ မေလ ၁၄ ရက်နေ့ မနက် ၃ နာရီဝန်းကျင်ကတည်းက လေပြင်း တိုက်ခတ်တာ၊ မိုးသည်းထန်စွာ ရွာသွားတာတွေဖြစ်ခဲ့ပြီး တစ်မြို့လုံး လျှပ်စစ်မီး ပြတ်တောက်မှု ဖြစ်ခဲ့ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းမိုခါဟာ ညနေပိုင်းမှာ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးက ဖြတ်ကျော်ဝင်ရောက်လျက် ရှိနေပြီး အညိုရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာန က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။