ကျောင်းသားသပိတ်ထောက်ခံမှု မွန်ပါတီ သတိပေးခံရ

လက်ပံတန်းမြို့မှာ အခြေပြုခဲ့တဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကိုထောက်ခံကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီ MNSPနဲ့ ပူးတွဲ ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ မွန်အမျိုးသားပါတီ MNP ကို မွန်ပြည် နယ်ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူသတိပေးခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီနဲ့ ပူးတွဲကြေညာချက်ထုတ်ပြန်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်နေတယ်ဆိုပြီး ရွေးကောက် ပွဲကော်မရှင်က မနေ့က သတိပေးတာဖြစ်တယ်လို့ မွန်အမျိုးသားပါတီ ဒုတိယဥက္ကဌ နိုင်စိုးမြင့်က ပြောပါတယ်။

"မွန်အမျိုးသားပါတီသည် မွန်ပြည်သစ်ပါတီ ( ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးကိစ္စညှိနှိုင်းဆဲ) နှင့် ပူးတွဲကြေညာ ချက်ထုတ်ပြန်သည့်ကိစ္စနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၀၅၊ ပုဒ်မ ၄၀၇ ပါ ပြဌာန်းချက် များနှင့် နိုင်ငံရေးပါတီမှတ်ပုံတင် ဥပဒေပုဒ်မ ၁၂ တို့အား တိကျစွာလိုက်နာဆောင်ရွက် သွားရေး မွန်အမျိုးသားပါတီအား မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲအနေဖြင့် သတိပေးကြောင်းမှတ်တမ်း ထားရှိပါသည်၊ ကျနော်တို့ကို သတိပေးတာကျနော်တို့ အနေနဲ့ လက်မခံနိုင်ပါဘူးလို့ပြောတယ်၊ နောက်တစ်ချက်မေး တာ မွန်ပြည်သစ်ပါတီဟာ မတရားအသင်းလို့ ကော်မရှင် လူကြီးတွေကန့်သတ်ထားပါသလား လို့မေးတယ်ဘာမှ မပြောဘူး၊ ကျနော်တို့လုပ်ရပ်က ၁၇/ ၁ နဲ့ ငြိနေလားလို့ မေးတော့မပြော ဘူး၊ သူတို့ပြော တာ ၄၀၅/ ၄၀၇ ပဲတဲ့"

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၅၊ ပုဒ်မ ၄၀၇ တို့မှာ နိုင်ငံရေးပါတီတွေဟာ နိုင်ငံတော်ကို လက်နက်စွဲကိုင်ပြီး တော် လှန်နေတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်တာ၊ အားပေးကူညီတာတွေ ပြုလုပ်ရင် နိုင်ငံရေး ပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိကြောင်း ပြဌာန်းထားတာဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ ဆန္ဒပြတောင်းဆိုကြတဲ့ ကျောင်းသား သပိတ်စစ်ကြောင်းကို ထောက် ခံကြောင်းနဲ့ အစိုးရရဲ့ အကြမ်းဖက်ဖြိုခွဲမှုကို ကန့်ကွက် ရှုတ်ချကြောင်း မွန်အမျိုးပါတီနဲ့ မွန်ပြည်သစ် ပါတီတို့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က သဘောထားကြေညာချက်ထုတ်ပြန် ခဲ့တာဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီခေါင်းဆောင်ပိုင်းဟာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီနဲ့ အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ဖို့ အတွက် ဦးဆောင်ဆွေးနွေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။