မွန်ပြည်နယ် အလံအသစ် အတည်ပြု

မွန်ပြည်နယ် ကိုယ်စားပြုအလံအဖြစ် အနီရောင်အောက်ခံနဲ့ ရွှေဟင်္သာရုပ် ပါဝင်တဲ့အလံကို ဒီနေ့ ကျင်းပတဲ့ မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ကန့်ကွက်သူမရှိ အတည်ပြု ရွေးချယ်လိုက်ပါတယ်။

မွန်ပြည်နယ် ကိုယ်စားပြုအလံ ရွေးချယ်အတည်ပြုနိုင်ဖို့ အလံမူကြမ်း သုံးခုကို လွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့ပြီး အဲဒီထဲက တစ်ခုကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာဖြစ်တယ်လို့ မွန်ပြည်နယ် လွှတ်တော်ဒုဥက္ကဌ ဒေါက် တာအောင်နိုင်ဦး ကပြောပါတယ်။

"အနီရောင်အောက်ခံနဲ့ ရွှေဟင်္သာနဲ့ မွန်ပြည်နယ်ဆိုတဲ့ စာတမ်းမပါ အဲဒါကို အတည်ပြုသွားပါတယ်၊ ဝန်ကြီးချုပ် (မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ)လည်းဆွေးနွေးတယ်၊ ဝန်ကြီးချုပ်လည်း ဒါကိုပဲ လက်ခံပါတယ်၊ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်တစ်ယောက်ကလည်း ဒါကိုပဲ အတည်ပြုပေးဖို့ ကျန်တဲ့ကိုယ်စားလှယ်တစ်ယောက်လည်း ဒါကိုပဲ ထောက်ခံဆွေးနွေးပါတယ်၊ အားလုံးဝန်ကြီးချုပ် အပါအဝင် ကျနော် ကိုယ်စားလှယ် ၃ ယောက်ရယ် ပါဝင်ဆွေးနွေးခဲ့ပါတယ်"


မွန်ပြည်နယ်ကိုယ်စားပြု အလံ ရွေးချယ်နိုင်ဖို့ အတွက် မွန်ပြည်နယ်အဖြစ် သတ်မှတ်ပြီးတဲ့နောက်မှာ အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ "အပြာရောင်နောက်ခံ၊ ရွှေဟင်္သာပါ" တဲ့ အလံမူကြမ်းနဲ့ မွန်လူမျိုးတွေရဲ့ ရိုးရာအရောင်အဖြစ် သတ်မှတ်ထားတဲ့ "အနီရောင်အောက်ခံ၊ ရွှေဟင်္သာပါ" တဲ့အလံမူကြမ်း၊ "အပြာရောင်နောက်ခံ၊ ရွှေဟင်္သာနဲ့ မွန်ပြည်နယ်စာတန်းပါ" တဲ့အလံမူကြမ်း သုံးမျိုးကို လွှတ်တော်ဒုဥက္ကဌက မနေ့က လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

အဲဒီ အလံမူကြမ်း သုံးမျိုးထဲက တစ်ခုကို ရွေးချယ်နိုင်ဖို့အတွက် မနေ့က လွှတ်တေ်ာကိုယ်စားလှယ်တွေ အကြိတ်အနယ်ဆွေးနွေးခဲ့ကြပြီး အနီရောင်အောက်ခံ ရွှေဟင်္သာအရုပ်ပါတဲ့အလံကို လွှတ်တော်က ဒီနေ့ အတည်ပြုနိုင်ခဲ့ပါတယ်။

အဲဒီမွန်ပြည်နယ် ကိုယ်စားပြုအလံကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအောက်မှာရှိတဲ့ ဦးစီးဌာနတွေနဲ့ မွန်ပြည်နယ်နဲ့ သက်ဆိုင်တဲ့ အခမ်းအနားတွေနဲ့ မွန်ပြည်နယ်ကိုယ်စားပြု အားကစားပွဲတွေ ကျင်းပတဲ့နေရာမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအောက်မှာရှိတဲ့ ဦးစီးဌာနတွေမှာ အသုံးပြုဖို့နဲ့ ဝန်ကြီးဌာနဲ့ သက်ဆိုင်တဲ့အခမ်းအနားတွေမှာ အသုံးပြုနိုင်ဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ အလံတွေကို ပေးပို့ဖို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက ပြည်နယ်အစိုးရအဖွဲ့ကို စာပေးပို့ခဲ့တာဖြစ်ပါတယ်။

ပြည်နယ်ကိုယ်စားပြုအလံ ကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်အစည်းအဝေးမှာ ရွေးချယ်အတည်ပြုသင့်တယ် လို့ ပြည်နယ်အစိုးရက မွန်ပြည်နယ် လွှတ်တော်ကို အကြောင်းကြားလာတာကြောင့် ဒီနေ့ကျင်းပတဲ့ လွှတ်တော်မှာ ရွေးချယ်အတည်ပြုခဲ့တာဖြစ်ပါတယ်။