မုန်းမြို့နယ်က ဒေသခံနှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

2022.08.19
Share on WhatsApp
Share on WhatsApp
မုန်းမြို့နယ်က ဒေသခံနှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်
Photo: Citizen Journalist

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် မုန်းမြို့နယ် ကျွန်းပင်ဆိပ်ရွာမှာ စခန်းချတဲ့ စစ်ကောင်စီတပ် ခမရ - ၆၀၃ က စစ်သားတွေက ဒေသခံနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ မုန်းမြို့ဒေသခံ တစ်ဦးက RFA ကို ဩဂုတ်လ ၁၉ ရက် ဒီနေ့ ပြောပါတယ်။

အသက် ၅၀ နှစ်ရှိသူ စာဘူးတောင်းရွာသား စောမေထူးနဲ့ အသက် ၄၅ နှစ်ရှိ မဲမဲရွာသား စောကြီးငေးတို့က ဩဂုတ်လ ၁၅ ရက်နေ့မှာ ကျေးရွာတွင်းကျန်ရှိခဲ့တဲ့ အိမ်မွေးတိရစ္ဆာန် တွေကို ပြန်လာကြည့်ချိန်မှာ အဖမ်းခံရပြီး ဩဂုတ်လ ၁၇ ရက်နေ့မှာ အလောင်းတွေ့ခဲ့ ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့က အိမ်မှာကျန်ခဲ့တဲ့ ကျွဲ၊ နွားတွေကို အစာပြန်ကျွေးတဲ့အချိန်မှာ အဖမ်းခံရတယ်။ တိုက်ပွဲမရှိဘူး အထင်နဲ့ အိမ်ကို ခဏပြန်ကြတာ။ ၁၆ ရက်နေ့မှာ သတ်ပစ်တယ် လို့တော့ ယူဆရတယ်။ ဘာလို့လဲဆိုတော့ ၁၇ ရက်နေ့မှာ အလောင်းပြန်တွေ့တာ။ အလောင်းမှာ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေလည်း တွေ့ရတယ်။ ကျနော်တို့ ရွာသား တွေက ကိုယ့်ရွာကို မပြန်ရဲတဲ့အခြေအနေဖြစ်နေပြီ။ စစ်ကောင်စီက လူတွေက လူစိတ်မရှိတော့ဘူး။ ရွာသားတွေကို ဖမ်းလိုက်၊ နှိပ်စက်လိုက်၊ သတ်ပစ်လိုက်နဲ့ တော်တော်ကို ဆိုးနေပြီ”

ညောင်လေးပင်ခရိုင်ထဲက ကျောက်ကြီးနဲ့ မုန်းမြို့တွေမှာ အိမ်မွေးတိရစ္ဆာန်တွေကို ပြန်မကြည့်ရဲတာကြောင့် ချည်နှောင်ခံထားရတဲ့ တိရစ္ဆာန်တွေ အစာငတ်သေဆုံးတာတွေ ရှိနေပြီး လွှတ်ထားတဲ့ တိရစ္ဆာန်တွေ လယ်ယာစိုက်ပျိုးခင်းတွေကို ဝင်ရောက်စားသုံးတာ ကြောင့် စိုက်ပျိုးခင်း ပျက်စီးမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံနှစ်ဦး သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်းမှာလည်း ဩဂုတ်လ ၁၃ ရက်ကနေ ၁၆ ရက်ထိ စစ်ကောင်စီတပ်က ရပ်ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ညောင်လေးပင်ခရိုင်အတွင်း ကျေးရွာပေါင်း ၄၀ က စစ်ဘေးဒုက္ခသည်ဦးရေ ၁၇,၂၅၇ ဦးအထိ ရှိလာတယ်လို့ KNU က ဩဂုတ်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။