မြန်မာကျပ်ငွေတွေ တရားမဝင်ကြောင်း အစိုးရက ကြေညာလိမ့်မယ်ဆိုတာ မဟုတ်မှန်ကြောင်း နိုင်ငံတော် သမ္မတရုံး က ကြေညာချက်ထုတ်ပြန်ပါတယ်။
ငါးရာကျပ်၊ တစ်ထောင်ကျပ်၊ ငါးထောင်ကျပ်နဲ့ တစ်သောင်းကျပ်တန် ငွေစက္ကူတွေကို သြဂုတ်လ ၁ ရက်နေ့ကစပြီး တရားမဝင်ဖြစ်သွားတော့မယ်ဆိုတဲ့ Facebook လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာတွေဟာ သတင်းမှားတွေသာဖြစ်ပြီး၊ သတင်းမှားဖြန့်ဝေသူတွေကို ဥပဒေအရ အရေးယူမယ်လို့ ထုတ်ပြန်ခဲ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး က ငွေစက္ကူကိစ္စနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ သတင်း တစ်စုံတရာ မထုတ်ပြန်၊ မကြေညာခဲ့ကြောင်း၊ သတင်းမှားဖြန့်ချိသူတွေဟာ နိုင်ငံရဲ့ ငြိမ်းချမ်းတည်ငြိမ်ရေးကို ပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေကြသူတွေဖြစ်လို့ အဲဒီအမိန့်အတု စတင်ဖြန့်ဝေခဲ့သူကို စုံစမ်းစိစစ်နေပြီး၊ ဥပဒေနဲ့အညီ အရေးယူမှာဖြစ်ကြောင်း ပြောဆိုပါတယ်။