မုံရွာ အမှိုက်ပုံမှာ စွန့်ပစ် မူးယစ်ဆေးပြားတွေကို တေ့ွရှိ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့က အမှိုက်ပုံနဲ့ လူမနေတဲ့ ခြံဝန်းတွေထဲမှာ ပီနန်အိတ်နဲ့ ထုတ်ပြီး စွန့်ပစ်ထားတဲ့ မူးယစ်ဆေးဝါးတွေကို ဒီကနေ့ တွေ့ရှိခဲ့တယ်လို့ မုံရွာမြို့နယ် ရဲစခန်းက ပြောပါတယ်။

ခန့်မှန်းခြေအားဖြင့် မူးယစ် ဆေးပြား တစ်သိန်းလောက်နဲ့ ဘိန်းဖြူလို့ ယူဆရတဲ့အမှုန့် ထည့်ထားတဲ့ ဆပ်ပြာခွက် တစ်ထောင်လောက်ရှိမယ်လို့ မုံရွာရဲစခန်းတာဝန်ရှိသူက ပြောပါတယ်။

"ရပ်ကွက်ပြည်သူက မသင်္ကာသတင်းပေးလို့ အဲဒီမှာ အုပ်ချုပ်ရေးအဖွဲ့တွေဘာတွေ ခေါ်ပြီး သွားစစ်တဲ့အချိန်ကျတော့ ဒါတွေတွေ့တာ။ ဆေးပြားပါတယ်။ ဆေးပြား တစ်သိန်းခန့်၊ တစ်သိန်းခန့်ပါတယ်။ အခွက်ကတော့ ခွက်တစ်ထောင်ဝန်းကျင်လောက်ပါတယ်။"

မုံရွာမြို့ နန္ဒဝန်ရပ်ကွက်၊ သီရိမင်္ဂလာလမ်းဘေးက အမှိုက်ပုံ၊ ၁၉ လမ်းနဲ့ လမ်း၂၀ ကြားက လူမနေတဲ့ မြေကွက်နဲ့ ထန်းတော ရပ်ကွက်က လမ်းကြားမှာ ဒီကနေ့မနက်ပိုင်းက စွန့်ပစ်ထားတဲ့ မူးယစ်ဆေးဝါးတွေ တွေ့ရှိခဲ့တာဖြစ် ပါတယ်။

မူးယစ်ဆေးဝါး အမျိုးအမည်အတိအကျနဲ့ အရေအတွက် အတိအကျကိုတော့ ရဲတပ်ဖွဲ့က စိစစ်နေဆဲဖြစ်တဲ့အတွက် မပြောနိုင်သေးဘူးလို့ သိရပါတယ်။