စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွာအကျဉ်းထောင်က အကျဉ်းထောင် ဆောက်လုပ်ရေး အင်ဂျင်နီယာ ဒုတိယ ကြီးကြပ်ရေးမှူး ဦးမျိုးညွန့်အောင်ကို ဖမ်းဆီးထားတယ်လို့ မုံရွာ ခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ (၄) Fight For People (FFP) အဖွဲ့က စက်တင်ဘာလ ၁၀ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
မုံရွာမြို့နယ် သာစည်ကျေးရွာမှာ ဆောက်လုပ်နေတဲ့ အကျဉ်းထောင်သစ်ကို စက်တင်ဘာ လ ၉ ရက်က ဦးမျိုးညွန့်အောင် လာရောက်စစ်ဆေးချိန်မှာ ဖမ်းဆီးခဲ့တာလို့ FFP အဖွဲ့က ဆိုပါတယ်။
အကျဉ်းသား ၁၀၀၀ ဝန်းကျင်ဆံ့မယ့် အကျဉ်းထောင်သစ်မှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ရာဇဝတ်သားတွေကို ထားဖို့ရည်ရွယ်ထားတယ်လို့ ဖမ်းဆီးခံရတဲ့ ဦးမျိုးညွှန့်အောင်က ဒီကနေ့ FFP အဖွဲ့က ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်မှာ ဝန်ခံပြောဆိုထားပါတယ်။
ဒီဖြစ်စဉ်ကြောင့် မုံရွာမြို့တွင်းလမ်းတွေကို စစ်ကောင်စီတပ်တွေ လုံခြုံရေးတင်းကျပ်ထား တယ်လို့ အမည်မဖော်လိုတဲ့ မုံရွာမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"စစ်ကောင်စီ ဘက်ကတော့ သူတို့လူ ဖမ်းဆီးထားတော့ မြို့ထဲမှာ မွှေနှောက်နေကြ တယ်။ တစ်မြို့လုံးလည်း တိတ်ဆိတ်နေတယ်။ အပြင်သွားလာတဲ့ သူလည်း မရှိဘူး။ တစ်မြို့လုံးက ဈေးဆိုင်ခန်းတွေလည်း အကုန်နီးပါး ပိတ်ကြတယ်။ ကျမဆို နေမ ကောင်းလို့ ဆေးခန်းပြချင်တာတောင် ဆေးခန်းပိတ်လို့ မပြရဘူး"
အကျဉ်းထောင် ဆောက်လုပ်ရေးအင်ဂျင်နီယာ ဒုတိယ ကြီးကြပ်ရေးမှူး ဦးမျိုးညွန့်အောင် ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေး ပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီ စစ်ကိုင်းတိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။