စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်းမှာ မနေ့က တစ်ရက်တည်းမှာပဲ စစ်တပ်ရဲ့ ထောက်ပို့လမ်းကြောင်းသုံးခု ကို ဒေသခံ လျှပ်စီးပျောက်ကျားတပ်ဖွဲ့ က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ စစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်တာထက် ဆွဲမိုင်းကိုအသုံးပြုပြီး စစ်တပ်ရဲ့ ထောက်ပံ့ရေး လမ်းကြောင်းနဲ့ နယ်မြေရှင်းလင်းရေးလမ်းကြောင်းတွေကို ရပ်တန့်ဖို့ ကြိုးစားနေတယ်လို့ မြင်းမူလျှပ်စီး ပြောက်ကျားတပ်ဖွဲ့ ဒုတိယအထွေထွေတာဝန်ခံ ကိုလုလင် က ပြောပါတယ်။
"မနေ့ကဆိုရင် မိုင်းခွဲတဲ့နေရာကို သူတို့ ညနေပြန်ရောက်လာတယ်။ အဲပြန်လုပ်ပြီး ပြန်တဲ့ကောင်တွေကို ကျွန်တော်တို့က ပြန်ပြီးတော့ မိုင်းဆွဲတိုက်ခိုက်တယ်။ အဓိကကတော့ ကျွန်တော်တို့က သူတို့အင်အားကို ရသလောက် ရပ်တန့်ရမှာပေါ့။ ကျွန်တော်တို့လုပ်နိုင်တဲ့ အတက်နိုင်ဆုံးဗျူဟာက ဒီမိုင်းဆွဲတိုက်ခိုက်တာ ပဲ။ ကျွန်တော်တို့လူတွေကိုလည်း အထိခိုက်နည်းအောင် သူတို့ကိုလည်း ရပ်တန့်ပြီးသားဖြစ်အောင် ကျွန်တော်တို့ မိုင်းဆွဲတိုက်ခိုက်ခြင်းကိုလုပ်ရတာ"
မနေ့က တိုက်ခိုက်မှုအတွင်း ထိခိုက်မှုအခြေအနေကို မသိရသေးပါဘူး။
မိုင်းဆွဲတိုက်ခိုက်မှုတွေကြောင့် တပ်ဖွဲ့ဝင်တွေနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တန်းတွေ ထိခိုက်မှုရှိနေတဲ့အတွက် စစ်တပ်ဘက်က နယ်မြေရှင်းလင်းရေးကို အင်အားသုံးဆောင်ရွက်နေသလို အဝေးထိန်းဒရုန်းတွေလွှတ်ပြီး အရပ်သားကာကွယ်ရေးတပ်တွေရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းထောက်လှမ်းနေတယ်လို့ PDF တပ်ဖွဲ့တွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ဒေသကာကွယ်ရေးတပ်တွေကို ချေမှုန်းဖို့အတွက် ယင်းမာပင်၊ ကန့်ဘလူ၊ တန့်ဆည်၊ အရာတော်၊ ရွှေဘို၊ ပုလဲ၊ မင်းကင်း၊ ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး၊ မြင်းမူ၊ မြောင်၊ ဆားလင်းကြီး စတဲ့ ဒေသတွေမှာ စစ်တပ်က စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံကာကွယ်ရေးတပ်တွေဟာ စစ်တပ်ကိုယှဉ်ပြိုင်တိုက်ခိုက်ဖို့ လက်နက်ချင်းမမျှတာကြောင့် မိုင်းဆွဲ တိုက်ခိုက်မှုကိုပဲ ဦးစားပေးလုပ်နေရတယ်လို့ ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြောရေး ဆိုခွင့်ရှိသူ ကိုဝေကြီးက ပြောပါတယ်။
"ကျွန်တော်တို့ လက်နက်ငယ်ပိုင်းဆိုရင် ယှဉ်မရတဲ့အနေအထားရှိတယ်။ အဲဒီအတွက် ကျွန်တော်တို့ မိုင်းကိုပဲ ဦးစားပေးပြီး လုပ်နေရတဲ့အနေအထားရှိတယ်။ မိုင်းမှာ ကျွန်တော်တို့ဘက်က အသာရတယ်။ အာဏာသိမ်းပြီး ဒီဘက်လတွေအတွင်း သူတို့အင်အားအကျအဆုံးက ခန့်မှန်းခြေ ၃၀၀ နဲ့ ၄၀၀ ဝန်းကျင် လောက်ရှိတယ်"
အရပ်သား ခုခံကာကွယ်ရေးတပ်တွေကို ဖြိုခွင်းဖို့ စစ်တပ်ဟာ ချင်းတွင်းမြစ်ရိုးကိုအသုံးပြုပြီး သယ်ယူ ပို့ဆောင်ရေးလုပ်ဆောင်နေတာကို သိပေမဲ့ ဒီမြစ်ရိုးကို ဒေသခံအရပ်သားပြည်သူတွေလည်း အသုံးပြုနေ တာကြောင့် အရပ်သားထိခိုက်မှုတွေကို ရှောင်ရှားလိုတဲ့အတွက် စစ်တပ်ရဲ့ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အခက်အခဲဖြစ်နေတယ်လို့ သူက ပြောပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးသွားလာ တာတွေမလုပ်ဖို့ သူက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဋ္ဌာနကကလည်း အောက်တိုဘာ ၂၇ ရက်နေ့မှာ ကောလင်းမြို့နယ် အရှေ့ဘက် ကျောက်ပြင်သာကျေးရွာနဲ့ ကချင်ကုန်းကျေးရွာအကြား စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ နေရာယူထားတဲ့ နေရာနှစ်ခုကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးသူ အနည်းဆုံး ၄၀ ဝန်းကျင်ရှိနိုင်တယ်လို့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ စစ်တပ်ဘက်က သေဆုံးခဲ့တဲ့အရေအတွက်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ စစ်ကိုင်းတိုင်းက တိုက်ခိုက်မှုတွေ အတွင်း ထိခိုက်ကျဆုံးမှုတွေရှိကြောင်း RFA ကို မနေ့ကပြောပါတယ်။
"စစ်ကိုင်းတိုင်းမြောက်ပိုင်းဒေသတွေမှာ ကချင်အဖွဲ့တွေနဲ့ PDF တွေ ပူးပေါင်းပြီး လုံခြုံရေးလမ်းကြောင်း တွေ နေရာတွေကို တိုက်ခိုက်တာရှိတယ်။ အခုလည်း တချို့နေရာတွေမှာ တိုက်ပွဲတွေဆက်လက်ရှိနေဆဲ ပါပဲ။ တိုက်ပွဲဖြစ်ကြတာပဲ၊ ထိခိုက်သေဆုံးမှုတွေတော့ရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ ထိခိုက်သေဆုံးမှု တွေ လျော့နည်းလာတယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်"
စစ်တပ်ဘက်က ထိခိုက်မှုတွေနဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်ကိုတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက မပြောဆိုပါဘူး။
"ကျွန်တော်တို့လူတွေ အထိခိုက်နည်းအောင် သူတို့ကိုလည်း ရပ်တန့်ပြီးသားဖြစ်အောင် မိုင်းဆွဲတိုက်ခိုက်ခြင်းကိုလုပ်ရတာ"
အရပ်သားကာကွယ်ရေးတပ်တွေရဲ့ ခြုံခိုတိုက်ခိုက်မှုတွေကြောင့် အထိနာနေတဲ့ စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေထဲအထိ ဝင်ရောက်ရှာဖွေတာတွေ၊ လူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးတာတွေလုပ်လေ့ရှိ တယ်လို့ စစ်ကိုင်းတိုင်းဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာတာနဲ့ အရပ်သားတွေဟာ ထွက်ပြေးတိမ်းရှောင်ကြရတဲ့ဖြစ်ရပ် တွေဟာ ဒီနေ့အထိရှိနေဆဲပဲလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းကင်းမြို့ခံတစ်ဦးက ပြောပါတယ်။
"သူတို့တွေ အင်အားတွေတိုးပြီး ချထားမယ်လို့လည်း ကြားတယ်။လက်တွေ့လာနေတာတွေလည်းရှိတယ်။ အခုဆိုရင် စစ်ကောင်စီက ခပ်စိပ်စိပ်ရွာတွေဘက်ကိုလာတာတွေရှိတယ်။ ညဘက်လည်းလာတယ်။ သူတို့ အင်အားကောင်းရင် နေ့ဘက်လာတယ်။ သူတို့အင်အားမကောင်းရင် ညဘက်လာတယ်။ ရွာသားတွေက တော့ ထိပ်တိုက်မတွေ့ရဲတော့ သူတို့ကိုရှောင်ကြတယ်"
ပြီးခဲ့တဲ့လတွေအတွင်း တိုက်ခိုက်မှုတွေပြင်းထန်ခဲ့တဲ့ မြန်မာပြည်အလယ်ပိုင်းက မန္တလေးနဲ့ မကွေးတိုင်းတွေ အတွင်း စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ လျော့နည်းသွားပေမယ့် စစ်ကိုင်းတိုင်းအတွင်းမှာတော့ စစ်ကောင်စီ တပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေ သိသိသာသာတိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ဟာ စစ်ကိုင်းတိုင်းမှာ စစ်အင်အားတိုးချဲ့နေပေမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်မျက်နှာဖွင့်ထားရတဲ့ အခုလို အခြေအနေမှာ စစ်တပ်ရဲ့ အရင်းအမြစ်ဟာ စစ်ဆင်ရေးကြီးတစ်ခု ပြုလုပ်ဖို့အတွက် မလုံလောက်ဘူး လို့ စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
" PDF တွေကလည်း တော်တော်လေးကို ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်လာတယ်။ အဲဒီအခြေအနေမျိုးမှာ စစ်ကိုင်းတိုင်း၊ မကွေးနဲ့ ချင်းပြည်နယ် ဆက်စပ်ပြီးတော့ စစ်ဆင်ရေး အကြီးအကျယ်လုပ်မယ်ဆိုတဲ့ကိစ္စက ဖြစ်နိုင်ခြေမရှိဘူး။ ဘယ်လိုမှ အဲဒီလိုကျယ်ပြန့်ကြီးမားတဲ့ အတိုင်းအတာအထိ စစ်ဆင်ရေးလုပ်နိုင်တဲ့ အခြေအနေ စစ်ကောင်စီဘက်မှာ မရှိပါဘူး"
ပြီးခဲ့တဲ့တစ်ပတ်အတွင်း အရပ်သားကာကွယ်ရေးတပ်တွေက စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ပစ်မှတ် ၁၈ ခုကို တိုက်ခိုက်ခဲ့ပြီး အဲဒီထဲက ပစ်မှတ် ၁၁ ခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကလည်း ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁ ရက်ကနေ အောက်တိုဘာလ ၂၁ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုပေါင်း ၃၆၄၂ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး အဲဒီထဲမှာ ဗုံးခွဲတိုက်ခိုက်မှုဟာ ၂၃၄၄ ကြိမ်အထိရှိတယ်လို့ အောက်တိုဘာ ၂၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် သာမန်အရပ်သားပြည်သူလူထု ၁၁၅၅ ဦး သေဆုံးပြီး ၇၆၅ ဦး ဒဏ်ရာရရှိခဲ့သလို လုံခြုံရေးတပ်ဖွဲ့ဝင် တပ်မတော်သား ၇၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၉၃ ဦးနဲ့ အစိုးရဝန်ထမ်း ၁၄ ဦး၊ စုစုပေါင်း ၁၈၂ ဦး သေဆုံးကာ ၆၀၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းချိန်ကစလို အောက်တိုဘာ ၂၇ ရက်နေ့အထိ စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုနဲ့ ဖမ်းဆီးနှိပ်စက် မှုတွေကြောင့် အရပ်သား ၁၂၁၈ ဦးအထိ သေဆုံးခဲ့တယ်လို့ အောက်တိုဘာ ၂၇ ရက်က ထုတ်ပြန်ခဲ့ပါတယ်။