RCSS နဲ့ TNLA တိုက် ပွဲတွေကြောင့် ဒုက္ခသည်တွေ ပိုမိုများလာ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ သီပေါမြို့နယ်က ကျေးရွာတွေမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ /ရှမ်းပြည် တပ်မတော် RCSS/SSA နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်တွေ ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေတာကြောင့် မြို့ပေါ်တွေကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေ ပိုများလာပါတယ်။

ကျောက်မဲမြို့မှာ အရင်က ဒုက္ခသည် ၄ဝဝ လောက်သာ ရှိရာကနေ အခုဆိုရင် တစ်ထောင်ကျော်လောက် ရှိလာတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကိုသားဇော် က ပြောပါတယ်။

"ပထမရက်ကတော့ ၃၊ ၄ ရွာပေါ့၊ နောက်အတောအတွင်းမှာ အဲ့ဒီနားဟာက အကုန်လုံးကို ဆင်းပြေး လာတယ်၊ ဒါပေမဲ့ တော်တော်များများက ကြိုတင်ပြီးပြေးလာတဲ့အပိုင်းဖြစ်တယ်၊ တိုက်ပွဲနဲ့တကယ် ထိတွေ့ပြီးမှ ပြေးလာတဲ့ရွာတွေကလည်းရှိပါတယ်၊ နည်းပါတယ်၊ ဒါပေမဲ့ ဖြစ်လာရင် အရင်တစ်ခေါက် လို ပိတ်မိတာတို့၊ ဓါးစာခံလုပ်ခံရမှာ ကြောက်တာတို့ အားလုံးကကြိုတင်ပြီး ပြေးလာတဲ့ဟာ များပါ တယ်၊ များသောအားဖြင့် အသံတွေကြားတယ်၊ ရွာပတ်ဝန်းကျင်မှာဖြစ်တယ်၊ အဖွဲ့အစည်းတွေအားလုံး လမ်းကြောင်းမှာသွားတာ တွေ့တဲ့အခါ ကျတော့ ကြိုတင်ပြီး တော်တော်များများက ရှောင်တိမ်းလာတဲ့ ဟာပါပဲ"

ကျောက်မဲမြို့ပေါ်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဟာ ဟူးဆွန်၊ ဟူးနွယ်၊ ပုံးလုံးကျေးရွာတွေကဖြစ်ပြီး သူတို့ ကို ကျောက်မဲမြို့က ဘုန်းတော်ကြီးကျောင်းတွေမှာ နေရာချပေးထားတာဖြစ်ပါတယ်။ အများစုဟာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေများပြီး ကိုယ်ဝန်ဆောင်သည်တွေလည်း ပါဝင်ပါတယ်။

အလားတူ သီပေါမြို့ပေါ်ကို ဒုက္ခသည် ၂ဝဝ ကျော် ထပ်မံရောက်ရှိလာတာကြောင့် သီပေါမြို့က ဘော်ကြိုဘုရားကြီး ဝင်းထဲမှာ နေရာချပေးထားတယ်လို့ သီပေါမြို ့ဝမ်းမောလူမှုကူညီရေးအဖွဲ့က ကိုမျိုးက ပြောပါတယ်။

"ဘော်ကြိုဘုရားကြီးဝင်းမှာပေါ့နော် ထားတာက အခု ၂၁၈ ဦး၊ သူတို့ကတော့ စစ်ရှောင်တဲ့သဘော နဲ့ ပြေးလာတဲ့ သဘောပါပဲ"

သီပေါမြို့ပေါ်မှာ အရင်က ဒုက္ခသည် ၃ဝဝ လောက် ရှိနေတာဖြစ်ပြီး ဒုက္ခသည်တွေ နေထိုင်စားသောက်ဖို့ အတွက် ဒေသခံတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ကူညီပေးနေတာဖြစ်ပါတယ်။

နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာတစ်ဝိုက်မှာ ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က TNLA နဲ့ RCSS/SSA တပ်တွေ တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံတွေရဲ့ နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လွန်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ်က အစိုးရတပ်နဲ့ ကေအိုင်အေ တပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည် လေးထောင်လောက်ဟာ အခုထိနေရပ်မပြန်နိုင်သေးဘဲ ပြီးခဲ့တဲ့နှစ်က စတင်ဖြစ်ပွားခဲ့တဲ့ TNLA နဲ့ RCSS/SSA တိုက်ပွဲတွေကြောင့် ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ နမ့်ခမ်း နဲ့ မိုင်းရှူးမြို့နယ်တွေမှာ ဒုက္ခသည် ရှစ်ထောင်ကျော် ရှိနေတာဖြစ်ပါတယ်။