မင်းတပ်ဒေသခံ ၃ဝဝ ကျော် ထွက်ပြေးနေရ

2022.02.20
မင်းတပ်ဒေသခံ ၃ဝဝ ကျော် ထွက်ပြေးနေရ မင်းတပ်ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲကြောင့် ထွက်ပြေးရတဲ့ မင်းတပ် ဒေသခံတွေကို ၂၀၂၁ သြဂုတ် ၁၈ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၁၉ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ မင်းတပ် CDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနီးအနား ကျေးရွာပေါင်း ခုနစ်ရွာက လူ ၃ဝဝ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် မနေ့က မနက် ၁၁ နာရီလောက်မှာ မင်းတပ်မြို့နယ် အွယ်ရေး ကျေးရွာအုပ်စုက ထာလောင်းကျေးရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ CDF မင်းတပ် အဖွဲ့တို့ တိုက်ပွဲဖြစ်ရာ အွယ်ရေး ကျေးရွာအုပ်စုထဲက ပန်းပါ၊ သွီပလင်း၊ လှိယော၊ လှိရုံး၊ ထာလောင်း၊ ကိန်းယွန်း၊ အွယ်ရေးတွေက ဒေသ ခံ ၃ဝဝ ကျော် ဘေးလွတ်ရာတိမ်းရှောင် ခဲ့ရတာ ဖြစ်ပါတယ်။

“အခုအချိန်မှာတော့ သူတို့ဝင်တဲ့ ရွာတိုင်းပဲ နေအိမ်တွေရော ဖျက်ဆီးခံရတယ်"

ဖေဖော်ဝါရီ ၁၈ ရက်ကတည်းက အင်အား ၃ဝဝ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဟာ ဝမ္မတူး ကျေးရွာကနေ ထွက်လာခဲ့ရာ ဖေဖော်ဝါရီ ၁၉ ရက်မှာ CDF မင်းတပ်အဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ မင်းတပ် CDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောပါတယ်။

“စကစ တွေက ဝမ္မတူးမှာ ရှိနေတယ်။ မင်းတပ်ကနေ ဝမ္မတူးကို လာတယ်။ အဲဒီမှာ တိုက်ပွဲဖြစ်တယ်။ ဝမ္မတူးရွာထဲဝင်ပြီး ဆေးရုံထဲက ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးသွား တယ်။ ၁၈ ရက်နေ့ကပေါ့။ အဲဒါပြီးတော့ ၁၉ ရက်နေ့ကျတော့ သူတို့ တဖြည်းဖြည်း ပထမသုတ်၊ ဒုတိယသုတ် ထွက်သွားတယ်။ သူတို့က အင်အား ၂ဝဝ ကျော် ၃ဝဝ နီးပါး ၂၅ဝ ဝန်းကျင်လောက်ဖြစ်မယ်။ အဲဒီ ရှေ့ကသွားတဲ့အဖွဲ့နဲ့ နောက်ကလိုက်တဲ့အဖွဲ့ကြား ထဲမှာ CDF နဲ့ တိုက်ပွဲတွေ ဖြစ်ကြတာပေါ့”

အဲဒီတိုက်ပွဲဟာ မနက် ၁၁ နာရီကနေ ညနေ ၃ နာရီအထိ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး CDF ဘက်က ထိခိုက်သူမရှိပေမယ့် စစ်ကောင်စီဘက်က သုံးယောက် သေဆုံးပြီး နှစ် ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ ဒီအရေအတွက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

စစ်ကောင်စီတပ်တွေ ဝင်ရောက်ခဲ့တဲ့ ဝမ္မတူး ဆေးရုံမှာ မီးစက်နှစ်လုံး အပါအဝင် ဆေး ပစ္စည်း၊ ဆေးရုံသုံး ပရိဘောဂပစ္စည်းတွေ ဖျက်ဆီးခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အနီးနားက လှိယောကျေးရွာနဲ့ အွယ်ရေးကျေးရွာတွေကိုလည်း စစ်တပ်က ဝင်ရောက်ဖျက်ဆီးတာတွေ၊ နေအိမ်က ပစ္စည်းတွေ ယူဆောင်သွားတာတွေကြောင့် စားဝတ်နေရေး အခက်ကြုံနေရတဲ့ မိသားစုတွေရှိတယ်လို့ မင်းတပ်ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုအချိန်မှာတော့ သူတို့ဝင်တဲ့ ရွာတိုင်းပဲ နေအိမ်တွေရော ဖျက်ဆီးခံရတယ်။ အိမ်တွင်းပစ္စည်းတွေရော ဘာမှကို မကျန်တော့ဘူး။ နေလို့တောင် မရတော့ဘူး အိမ်တွေက။ ဆန်တွေဆိုလို့ရှိရင် သူတို့ မဖျက်ဆီးတဲ့ဟာကျ ယူသွားတာဆိုတော့ တချို့အိမ်တွေ မိသားစု စားဝတ်နေရေး တော်တော်လေး အခက်အခဲရှိနေတယ်ဗျ။ အခုလမ်းကြောတွေက ပိတ်နေတာ သူတို့က စစ်ဆေးရေးတွေ အထပ်ထပ်ချထားတော့ အလှူပစ္စည်းတွေတောင် သယ်လို့မရဘူး။ ဒီမြို့ပေါ်တွေတောင်မှ လူဦးရေ ဆယ်ဦး အထက်ကို ဆန် ဆယ်ပြည်ပဲ ဝယ်ခွင့်ပေးတာ။ စစ်ကောင်စီကပဲ သတ်မှတ်ထားတာ မြို့ပေါ်မှာ”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဆိုင်ကယ်တစ်စီးအတွက် ဆီ တစ်လီတာဘူး နှစ်ဘူးသာ ရောင်းချဖို့ဆိုပြီး ထိန်းချုပ်ထားတယ်လို့လည်း ဆိုပါတယ်။

မင်းတပ်မြို့နယ်မှာ မနေ့ကတိုက်ပွဲကြောင့် တိမ်းရှောင်နေကြတဲ့ ဒေသခံတွေနဲ့ အပါ အဝင်ဆိုရင် စစ်ဘေးရှောင် စုစုပေါင်း ၃ဝဝဝ ကျော်ရှိပါတယ်။ လက်ရှိအချိန်အထိ သူတို့ ရွာတွေကို မပြန်နိုင်ကြသေးပါဘူး။

chin-refugees.jpg
(CDF နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲကြောင့် ထွက်ပြေးရတဲ့ မင်းတပ် ဒေသခံတွေကို ၂၀၂၁ သြဂုတ် ၁၈ ရက်နေ့က တွေ့ရစဉ်) Photo: CJ

မနေ့က မင်းတပ်မြို့နယ်ထဲက ရွာတွေမှာ တိုက်ပွဲဖြစ်ခဲ့ပေမယ့် မင်းတပ်မြို့ပေါ်မှာတော့ ဒီနေ့မနက်ပိုင်းအထိ တည်ငြိမ်နေတယ်လို့ မင်းတပ်မြို့ပေါ်မှာ နေထိုင်တဲ့ မြို့မိမြို့ဖ တစ်ယောက်ကတော့ ပြောပါတယ်။

“မင်းတပ်မြို့ပေါ်မှာ အခုတော့ တိုက်ပွဲမဖြစ်ပါဘူး။ စည်းစည်းရုံးရုံးပဲ ဘာမှမဖြစ်ပါဘူး။ အခုအချိန်အထိတော့ ဘာမှမဖြစ်ပါဘူးနော်။ ရွာတွေထဲမှာ ဖြစ်ရင်လည်း အသံကြားရမှာ ပေါ့။ အခု ဘာသံမှလည်း မကြားရပါဘူး”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်ကလည်း မင်းတပ်မြို့နယ်ထဲက မိုင် ၃ဝ မှာ တိုက်ပွဲဖြစ်ခဲ့ပြီး ဖေဖော်ဝါရီ ၃ ရက်ကလည်း မင်းတပ် - မတူပီ လမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေအပြီး နှစ်ပတ်ကြာပြီးနောက်မှာတော့ မင်းတပ်မြို့နယ်ထဲက ထာလောင်း ကျေးရွာ တစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ မင်းတပ် CDF တို့အကြား တိုက်ပွဲတွေ ပြန်ဖြစ် လာတာ ဖြစ်ပါတယ်။

ချင်းပြည်နယ်ထဲမှာ စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စတင်တော်လှန်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဧပြီလကစပြီး တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ စုစုပေါင်း ၃ဝဝဝဝ (သုံးသောင်း) ကျော်ရှိနေပြီလို့ ချင်းလူ့အခွင့်အရေး အဖွဲ့ CHRO က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။