ပြည်ထောင်စု ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဋ္ဌာန ပိုးမွှားစုံစမ်းရေးအဖွဲ့က ငှက်ဖျားရောဂါနဲ့ ပတ်သက် ပြီး လေ့လာနိုင်ဖို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ရွာနှစ်ရွာက အနောဖလိစ် ခြင် မျိုးစိတ် အကောင်လေး ရာကျော်ကို ဖမ်းယူခဲ့ပြီး အသေးစားသုတေသန ပြုလုပ်မှာဖြစ်ပါတယ်။
တန်ဖရဲနဲ့ ငွေပျော်စံပြကျေးရွာနှစ်ရွာမှာ ဖမ်းမိတဲ့မျိုးစိတ်တွေအားလုံးကို ရန်ကုန်မြို့မှာရှိတဲ့ ဓါတ်ခွဲမှာ ဆက်လက်လေ့လာ စစ်ဆေးသွားမှာဖြစ်တယ်လို့ အဖွဲ့ခေါင်းဆောင် ဦးစီးအရာရှိ ဦးသီဟက ပြောပါတယ်။
"ရတဲ့မျိုးစိပ်တွေအကုန်လုံးကို ရန်ကုန်ကို ယူသွားမယ်၊ ရန်ကုန်က ကျနော်တို့ရဲ့ ဓါတ်ခွဲခန်း မှာ ပြန်လုပ်ကြည့်မယ်"
တန်ဖရဲရွာနဲ့ ငွေပျော်ရွာမှာ အနောဖလိစ် ခြင် ၁၄ မျိုး တွေ့တာဖြစ်ပါတယ်။
ညပိုင်းတွေမှာ ခြင်ဖမ်းကိရိယာ ဖန်ပြွှန်၊ အလင်းရောင် ထောင်ချောက်တွေအသုံးပြုပြီး ခြင်တွေရဲ့ အလေ့အထ ကို လေ့လာဖို့ ရွာနှစ်ရွာမှာ ခြင်တွေကို ဖမ်းခဲ့တာဖြစ်ပါတယ်။
မြစ်ကြီးနားမြို့နယ်မှာ အခုတွေ့ရှိတဲ့ ခြင် ၁၄ မျိုးထဲက ငှက်ဖျားရောဂါကို အဓိကသယ်ဆောင်တဲ့ Anophele minius နဲ့ ဒုတိယအဆင့် ဆောင်သူဖြစ်တဲ့ အနောဖလိစ် မက်ကျူလိတပ်စ် Anophele maculatus တစ်မျိုးစီ ကို တွေ့ရှိတာလို့ ဆိုပါတယ်။
ငှက်ဖျားရောဂါနဲ့ ပတ်သက်ပြီး ခြင်တွေရဲ့ အမှုအကျင့်ကို လေ့လာတဲ့ အခုလို စီမံကိန်းကို ဒီနှစ်အတွင်းမှာ ၃ လတစ်ကြိမ်နဲ့ စုစုပေါင်း ၄ ကြိမ် လုပ်ဆောင်မှာဖြစ်ပါတယ်။
အဲဒီလိုလေ့လာရာမှာ ခြင်အမျိုးအစားနဲ့ အရေအတွက်ဟာ တစ်ကြိမ်နဲ့ တစ်ကြိမ် မတူဘူးလို့ ဆိုပါတယ်။ အခုလိုပူနွေးစိုစွတ်တဲ့ရာသီဟာ ခြင်အမျိုးအစားနဲ့ အရေအတွက်ကို ပိုမိုဖမ်းမိရလေ့ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ အနောဖလိစ် ခြင် ၃၇ မျိုးရှိပြီး ငှက်ဖျားပိုး အဓိကသယ်ဆောင်တဲ့ အနောဖလိစ် မီနီမပ်စ် Anophele munimus နဲ့ အနောဖလိ ဒိုင်းရပ်စ် Anophele dirus စတဲ့ ခြင် နှစ်မျိုးနဲ့ ဒုတိယအဆင့် သယ်ဆောင်တဲ့ အနောဖလိစ် ခြင် ၈ မျိုး စုစုပေါင်း ၁ဝ မျိုးရှိပါတယ်။
ခြင်ကြောင့်ကူးစက်တတ်တဲ့ ရောဂါတွေက ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက်၊ ဆင်တုပ်ကွေး၊ ဇီကာ၊ ဂျပန်ဦးနှောက်အမြှေးရောင် စတဲ့ရောဂါ ၆ မျိုးဖြစ်ပါတယ်။