နိုင်ငံသား ဥပဒေ ဆွေးနွေးဖို့ လွှတ်တော်အတည်ပြု

၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေကို မြန်မာနိုင်ငံတစ်ဝှမ်းမှာ ဥပဒေနဲ့အညီ ထိရောက်စွာ စိစစ်ဆောင်ရွက်ပေးနိုင် ဖို့ နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။

ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအဝှမ်းလုံးမှာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကို ဥပဒေနဲ့အညီ စိစစ်ဆောင်ရွက်ပေးဖို့ တိုက်တွန်းတာဖြစ်ကြောင်း ရခိုင်ပြည်နယ် ရသေ့တောင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက လွှတ်တော်မှာတင်ပြတာဖြစ်ပါတယ်။

"မြေမြိုလို့ အမျိုးမပြုန်း၊ လူမျိုမှ လူမျိုးပြုတ်မည်ဆိုတဲ့ လ.ဝ.က ၏ ဆောင်ပုဒ်နဲ့အညီ အမျိုးပျောက်ရာမှ နိုင်ငံပါပျောက် မှာကို စိုးကြောက်မိပါသဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသားများ၏ အကျိုးကိုမျှော်မှန်းလျှက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားပြဿနာများကို မြန်မာနိုင်ငံတဝန်းတွင် ဥပဒေနဲ့အညီ ထိရောက်စွာ ဆောင်ရွက်ပေးနိုင် ပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဌမှတဆင့် ပြည်သူ့လွှတ်တော်ကို တင်သွင်းအပ်ပါတယ်ရှင့်"

အရင်အစိုးရလက်ထက်က ဝှိုက်ကတ် ခေါ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူ တစ်နိုင်ငံလုံးမှာ ခြောက်သိန်းနီးပါး ရှိတဲ့အထဲမှာ ရခိုင်ပြည်နယ်မှာ ငါးသိန်းနီးပါးရှိကြောင်းလည်း ဒေါ်ခင်စောဝေက ဆွေးနွေးတင်ပြခဲ့ပါတယ်။

အဆိုကို ကန့်ကွက်မယ့်သူမရှိတဲ့အတွက် လွှတ်တော်မှာ ဆက်လက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။