မြောက်ဦးဖြစ်စဉ်ကို ကော်မရှင်ဖွဲ့ပြီး စစ်ဆေးဖို့ တောင်းဆို


2018.01.19
mrauku-conflict-622 မြောက်ဦးမြို့မှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ဒဏ်ရာရရှိသူတွေကို သယ်ဆောင်လာစဉ်
Photo credit: Development Media Group, Facebook

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၆ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့အတွက် အစိုးရမဟုတ်တဲ့ ပြင်ပပုဂ္ဂိုလ်တွေပါဝင်တဲ့ ကော်မရှင်တစ်ရပ်ကို အဆောတလျင် ဖွဲ့စည်းဆောင်ရွက်ဖို့ စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီက ဒီနေ့ ကြေညာချက် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။

မြောက်ဦးမြို့ကဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အစိုးရထုတ်ပြန်ချက်နဲ့ မြေပြင်အခြေအနေတွေဟာ ကွဲလွဲမှုတွေ ရှိနေတာကြောင့် ဖြစ်စဉ်အမှန်ကိုဖော်ထုတ်ဖို့ အခုလိုတောင်းဆိုတာလို့ ကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးနိုင် က ပြောပါတယ်။

"အခုက ပြည်သူကရွေးချယ်ထားတဲ့ အစိုးရအဖြစ်မှာ ဖြစ်ရတယ်လို့တော့ ကျနော်တို့တော့ တော်တော်ဝမ်းနည်း ဖို့ကောင်းတာပေါ့၊ ဒါကြောင့် ဘယ်သူက တာဝန်ရှိသလဲဆိုတာကိုတော့ အစိုးရက ဖော်ထုတ်ပေးဖို့လိုတယ်၊ အစိုးရရဲ့ ထုတ်ပြန်တဲ့သတင်းတွေ မြေပြင်ဖြစ်နေတဲ့အခြေအနေတွေက ကွဲလွဲမှုတွေရှိနေတယ်၊ အဲဒါကြောင့် အစိုးရနဲ့ ဝန်ထမ်းနဲ့ ပြည်သူနဲ့ ဖြစ်တဲ့ကိစ္စမှာ လွတ်လပ်တဲ့ ဝန်ထမ်းမဟုတ်တဲ့ ပြင်ပက အများယုံကြည်လေး စားလောက်တဲ့ ပုဂ္ဂိုလ်လည်းပါဝင်တဲ့ ကော်မရှင်တရပ် ဖွဲ့စည်းပြီးတော့ ရိုးရိုးသားသားပေါ့လေ ပွင့်ပွင့်လင်းလင်းနဲ့ စုံစမ်းဖော်ထုတ်လိုက်လို့ရှိရင်တော့ ဒါအဖြေပေါ်သွားပါလိမ့်မယ်"

လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုရလဒ်တွေဟာ နောက်နောင် အခုလိုဖြစ်ရပ်မျိုးတွေ မပေါ်နိုင်ဖို့အတွက် သင်ခန်းစာတစ်ရပ်ဖြစ်လာမယ်လို့ ကော်မတီက ယုံကြည်ကြောင်းလည်း ဦးစိုးနိုင် က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ညက မြောက်ဦးမြို့ နန်းတော်ရာကုန်းမှာ ၂၃၃ နှစ်မြောက် ရခိုင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း အောက်မေ့ဖွယ်အခမ်းအနား ကျင်းပခွင့်ကို အာဏာပိုင်တွေက ပိတ်ပင်လိုက်တာနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြသူတွေကို ရဲက သေနတ်နဲ့ ပတ်ခတ်ခဲ့တာကြောင့် လူ ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာတွေရခဲ့တာဖြစ်ပါတယ်။

ဒီနေ့ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ တောင်းဆိုလိုက်တဲ့ စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီဟာ စစ်တွေမြို့မှာရှိတဲ့ လူမှုရေးအဖွဲ့အစည်းပေါင်း ၇၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ကော်မတီတစ်ခုဖြစ်ပါတယ်။

အလားတူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီကလည်း မြောက်ဦးဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းပြီးတော့ ဖြစ်စဉ်တစ်ရပ်လုံးမှာ ပါဝင်ခဲ့ကြတဲ့ အာဏာပိုင်တွေရဲ့လုပ်ရပ်တွေဟာ ဥပဒေနဲ့ညီ မညီကို စစ်ဆေးဖော်ထုတ်ပြီး တာဝန်ရှိသူတွေကို အရေးယူပေးဖို့ တိုက်တွန်းကြောင်း ဒီနေ့ ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။