ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ အင်္ဂါနေ့ညက လုံခြုံရေးရဲတပ်ဖွဲ့နဲ့ ဒေသခံတွေကြား ပဋိပက္ခ ဖြစ်ပွားခဲ့ရာက ရဲက ပစ်ခတ်လူစုခွဲခဲ့လို့ တစ်ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း စောစောပိုင်းသတင်းတွေအရ သိရပါတယ်။
မြောက်ဦးမြို့မှာ ၂၃၃ နှစ်မြောက် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း အခမ်းအနား ကျင်းပခွင့် မရခဲ့တဲ့အတွက် မြို့ခံလူငယ်တွေ မနေ့ညက လမ်းလျှောက်ဆန္ဒပြခဲ့ရာကနေ လူစုလူဝေးဖြစ်လာခဲ့ပြီး၊ မြောက်ဦးခရိုင် ရဲစခန်း ရှေ့အရောက်မှာ ပဋိပက္ခဖြစ်ပွားခဲ့တာပါ။
ထိခိုက်ဒဏ်ရာရသူတွေကို မြောက်ဦးဆေးရုံကို ပို့ဆောင်ခဲ့ရာမှာ ကိုထွန်းထွန်း အမည်ရှိ ဒေသခံတစ်ဦး သေဆုံး သွားတယ်လို့ ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်တွေအခြေစိုက် Development Media Group အယ်ဒီတာ ဦးမိုးဇော်မြင့် က ပြောပါတယ်။
"နန်းတော်ရာကုန်းမှာ ရောက်နေတဲ့လူတွေက ဘာကြောင့် မကျင်းပရတာလဲဆိုပြီး မကျေနပ်တာနဲ့ မြို့ကိုပတ်ပြီး ဆန္ဒပြတာ မြောက်ဦးခရိုင် ရဲစခန်းအရှေ့ကို လူအုပ်နဲ့ ရောက်သွားတာပေ့ါ၊ လူစုခွဲလို့မရတေ့ာ ရဲကသေနတ်နဲ့ ပစ်ဖောက်ခွဲပြီးတော့မှ အခုလိုမျိုး ထိခိုက်ဒဏ်ရာရသွားကြတာပေါ့၊ ဝမ်းဗိုက်မှာ သေနတ်ထိမှန်တာကြောင့် တစ်ယောက်ကတော့ သေသွားပြီပေါ့"
ဒီနေ့မနက် ၁ နာရီဝန်းကျင်မှာ လူစုကွဲသွားခဲ့တယ်လို့လည်း သိရပါတယ်။ အခင်းဖြစ်ပွား ခဲ့တဲ့နေရာမှာ စစ်ကား နှစ်စီးလည်း ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးတဲ့နေ့အဖြစ် ကျင်းပမယ့် ဟောပြောပွဲကို အာဏာပိုင်တွေက အချိန်ကပ်ပြီးမှ တားမြစ်ခဲ့တာကြောင့်၊ လှည့်လည်ဆန္ဒပြခဲ့ကြရာကနေ ပဋိပက္ခဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အစိုးရဘက်က တစ်စုံတရာ မကြေညာသေးပါဘူး။
မြောက်ဦးမြို့မှာ ၂၃၃ နှစ်မြောက် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း အခမ်းအနားကို လလည်း ကွယ် ပြည်လည်း ဆုံး ခေါင်းစဉ်နဲ့ မနေ့က ပြာသိုလကွယ်နေ့မှာ ကျင်းပတာကို အာဏာပိုင်တွေက ခွင့်မပြုတဲ့ အတွက် ဆန္ဒပြပွဲဖြစ်ပွားတဲ့အကြောင်းနဲ့ စာရေးဆရာ ဝေဟင်အောင် ဖမ်းဆီးခံရတဲ့အကြောင်းကို စစ်တွေအခြေစိုက် Development Media Group အယ်ဒီတာ ဦးမိုးဇော်မြင့် ကို ဆက်သွယ်မေးမြန်းထားပါတယ်။
