မြောက်ဦး စုံစမ်းရေးအဖွဲ့နဲ့ ပူးပေါင်း မလုပ်ဖို့ ပြည်နယ်အစိုးရ ညွှန်ကြား

ဆန္ဒပြသူ ၇ ယောက် သေဆုံးခဲ့တဲ့ မြောက်ဦးမြို့က ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လွှတ်တော်က ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီတဲ့အတွက် ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ဖို့ ပြည်နယ်အစိုးရက အစိုးရဌာနတွေကို ညွှန်ကြားထားပါတယ်။

အစိုးရက အဲဒီလိုညွှန်ကြားထားတာ ဟုတ်မှန်ကြောင်းနဲ့ အဲဒီ ညွှန်ကြားချက်ကို ဆိုင်းငံ့ပယ်ဖျက်တဲ့ ညွှန်ကြားချက် ထပ်မရောက်သေးကြောင်း ရခိုင်ပြည်နယ် ပညာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်လေးဦးက ပြောပါတယ်။

"ဟုတ်ပါတယ်ခင်ဗျ၊ အဲဒါလက်ရှိတော့ မလာပါဘူးခင်ဗျ၊ သိချင်ရင်တော့ သူတို့ကို တိုက်ရိုက်မေးလိုက်ပါ"

လွှတ်တော်က ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ အခြေခံဥပဒေနဲ့ မညီကြောင်း ပါရှိတဲ့ အကြောင်းကြားစာ ကို ပြည်နယ်အစိုးရက လွှတ်တော် စုံစမ်းရေးအဖွဲ့ကိုလည်း ပေးပို့ခဲ့ပေမယ့် ပြန်လည်ဆိုင်းငံ့ထားတယ်လို့ အဲဒီအဖွဲ့ ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ လွှတ်တေ်ာကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

"ကျနော်တို့က ဘောင်လွန်ပြီးတော့ ဖွဲ့ထားတာမဟုတ်ဘူးဆိုပြီး တုံ့ပြန်မယ့် ဆဲဆဲမှာ၊ ကျနော်တို့က စာနဲ့ ပြန်ပြီးတော့ တုံ့ပြန်ဖို့ အဲဒီလို ကျနော်တို့ လုပ်နေစဉ်မှာပဲ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ညွှန်ချုပ် တစ်ယောက်ကနေပြီးတော့ ကျနော်တို့ကို လာပြီးတော့ ဖုန်းဆက်တယ်။ ဒီလိုမျိုး မတုံ့ပြန်ပါ နဲ့။ လောလောဆယ် ကျနော်တို့ ထုတ်ထားတဲ့ စာကိုလည်း ဆိုင်းငံ့ပေးပါတယ်။ မှတ်ပုံတင်စာရင်း ထဲမှာလည်း မထည့်ပါနဲ့ ဆိုပြီးတော့ ကျနော်တို့ဆီက အဲဒီစာရွက်တွေကို လွှတ်တော်ဝန်ထမ်းတွေ က ပြန်ပြီးတော့ သိမ်းယူသွားတယ်"

မြောက်ဦးမြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက် နေ့က ဆန္ဒပြစဉ် ရဲတပ်ဖွဲ့က ပစ်ခတ်လူစုခွဲရာမှာ လူ ၇ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကို ပြည်ထောင်စုအဆင့်ကလည်း စုံစမ်းစစ်ဆေး နေသလို ပြည်နယ်လွှတ်တော်က ကိုယ်စားလှယ်တွေနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ထပ်မံဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၆၇ (က) နဲ့ မညီကြောင်းနဲ့ အဲဒီ စုံစမ်းရေးအဖွဲ့ကို အကူအညီ မပေးဖို့အတွက် ပြည်နယ်အစိုးရအဖွဲ့က ဌာနဆိုင်ရာတွေကို အခုလ ၅ ရက်နေ့က ညွှန်ကြားထားပြီး ၇ ရက်နေ့မှာ လွှတ်တော်ကို ပေးပို့တာဖြစ်ပါတယ်။

ဦးထွန်းသာစိန်ကတော့ ပြည်နယ်လွှတ်တော်ရဲ့ စုံစမ်းရေးအဖွဲ့ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၁၆၇ နဲ့ အညီ ဖွဲ့စည်းထားတာဖြစ်ကြောင်းနဲ့ ပြည်နယ်အစိုးရရဲ့ ဖွဲ့စည်းပုံနဲ့ မညီကြောင်း အကြောင်းကြားစာကို လွှတ်တော်ဥက္ကဌနဲ့ တိုင်ပင်ပြီး တုံ့ပြန်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၆၇ မှာ ပုဒ်မ ခွဲငယ် ၃ ခု ပါဝင်ပြီး တိုင်းနဲ့ ပြည်နယ် လွှတ်တော်တွေဟာ ဥပဒေပြုရေးနဲ့ တိုင်းရင်းသား လူမျိုးများအရေးအတွက် ကော်မတီအဖွဲ့တွေကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ သင့်လျော်တဲ့ နိုင်ငံသားတွေနဲ့ ဖွဲ့စည်းနိုင်ကြောင်း ပြဌာန်းထားပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော်ရဲ့ မြောက်ဦးဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဇန်နဝါရီလ ၂၉ ရက်နေ့က လွှတ်တော်က အတည်ပြု ဖွဲ့စည်းထားတာဖြစ်ပါတယ်။