ရခိုင်ပြည်နယ်မှာ ဆက်လက်ဆောင်ရွက်ခွင့်မရတော့ တဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို လွှဲပြောင်းယူဖို့ အသင့်ရှိနေကြောင်း ပြည်နယ် အာဏာပိုင်တွေက ပြောဆိုကြောင်း ကုလသမဂ္ဂရဲ့ IRIN သတင်းက ဖေါ်ပြပါတယ်။
ဒီလုပ်ငန်းတွေကို သီတင်းတစ်ပတ်အတွင်း လွှဲပြောင်းဆောင်ရွက်သွားနိုင်တယ်လို့ ရခိုင်ပြည်နယ် ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဦးအေးငြိမ်း က ပြောဆိုကြောင်းလည်း ဖေါ်ပြပါတယ်။
ရခိုင်ပြည်နယ်မှာ နှစ်နှစ်ဆယ်လောက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ဟာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေထက် မွတ်စလင်တွေအပေါ် ပိုပြီး မျက်နှာလိုက်နေတယ်လို့ ဒေသခံတွေက ဝေဖန်ဆန္ဒပြခဲ့ကြပြီး၊ အစိုးရကလည်း ပြီးခဲ့တဲ့ ပဋိပက္ခတွေအတွင်း MSF ဟာ သတင်းမှားတွေ ဖြန့်ချီခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့မှာတော့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရဲ့ လုပ်ကိုင်ခွင့်သက်တမ်းကို တိုးပေးဖို့ အစိုးရက ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ နောက်တစ်နေ့မှာ MSF ကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းတွေမှာ လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။ရခိုင်ပြည်နယ်မှာ ကူညီစောင့်ရှောက်ရေးလုပ်ငန်းတွေ ဆောင် ရွက်နေကြတဲ့အဖွဲ့တွေထဲမှာ ဝန်ထမ်း ငါးရာကျော်နဲ့ လည်ပတ်နေတဲ့ MSF ဟာ အကြီးဆုံးအဖွဲ့ဖြစ်ပါတယ်။
ဒါပေမဲ့ MSF ရဲ့ စီမံကိန်းလုပ်ငန်းတွေ လွဲပြောင်းဆောင်ရွက်ဖို့အတွက် ရခိုင်ပြည်နယ် ကျန်းမာရေးဌာနမှာ အခက်အခဲ တစုံတရာမရှိပါဘူးလို့ ညွှန်ကြားရေးမှူး ဦးအေးငြိမ်းက ပြောဆိုကြောင်း ကုလသမဂ္ဂ IRIN သတင်းက ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆိုအရ ရခိုင်ပြည်နယ် လူဦးရေ သုံးသန်းကျော်မှာ ဆရာဝန် ၄၅၀ ဝန်းကျင်ပဲရှိတယ်လို့လည်း သတင်းမှာဖေါ်ပြပါတယ်။