NLD ဦးဆောင်တဲ့ ပထမဆုံးအကြိမ် ဘာသာပေါင်းစုံ ဆုတောင်းပွဲ


2017.10.08
multi-religion-nld-622.jpg အောက်တိုဘာ ၁ဝ ရက်နေ့မှာကျင်းပမယ့် ဘာသာပေါင်းစုံ ဆုတောင်းပွဲအတွက် ကြိုတင်ပြင်ဆင်ဆွေးနွေးနေတဲ့ NLD တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်များကို တွေ့ရစဉ်
Photo: National League for Democracy's facebook

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်ပြီး ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် ပြုလုပ်မယ့် ဘာသာပေါင်းစုံဆုတောင်း ပွဲကို လူဦးရေ ၃သောင်းလောက် တက်ရောက်မယ်လို့ဖြစ်တယ်လို့ ရန်ကုန်တိုင်း NLD ပါတီ ဒုဥက္ကဌ ဒေါက်တာ စိုးဝင်းဦး က ပြောပါတယ်။

ပြည်သူပြည်သားတွေက လွတ်လွတ်လပ်လပ်နဲ့ နှစ်သက်ရာဘာသာကို ကိုးကွယ်ပြီး ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်တယ်ဆိုတဲ့ ပြယုဂ်ကို ကမ္ဘာသိအောင်ရော၊ ကိုယ့်နိုင်ငံသူနိုင်ငံသားတွေ အချင်းချင်းကြားမှာ နားလည်အောင် ပြသတာဖြစ်တယ်လို့ ဒေါက်တာစိုးဝင်းဦး က ပြောပါတယ်။

"ဒီပွဲတစ်ပွဲလုပ်ဖို့တောင်မှ တစ်ပတ်လောက် ကျနော်တို့ ပြင်ဆင်နေရတယ်၊ တောက်လျှောက် အရမ်း ပင်ပန်းပါတယ်၊ မလွယ်ဘူး၊ လုံခြုံရေးအဓိက ပြဿနာပါ၊ လူတွေကများမယ်၊ ဘာသာပေါင်းစုံဆိုတဲ့နေရာ မှာ အဖျက်အမှောက်လုပ်ချင်တဲ့သူမျိုးတွေရှိတယ်လေ၊ ပြည်သူပြည်သားတွေက လွတ်လွတ်လပ်လပ်နဲ့ နှစ်သက်ရာဘာသာကို ကိုးကွယ်ပြီးတော့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တယ်ဆိုတဲ့ ပြယုဂ်ကို ကမ္ဘာ သိအောင်ရော၊ ကိုယ့်နိုင်ငံသူနိုင်ငံသားတွေ အချင်းချင်းကြားမှာ နားလည်အောင် ထုတ်ပြတာပါပဲ၊ ဒါဗဟိုက မညွှန်ကြားရင် ဆရာတို့က လုပ်လို့မရဘူးလေ၊ ပြောရင် ပါတီရဲ့ အကြီးအကဲခေါင်းဆောင်ရဲ့ ညွှန်ကြားချက် မရှိရင် လုပ်လို့မရပါဘူး၊ သို့သော် တကယ်လုပ်တဲ့အခါကျတော့ မတူတဲ့ ဘာသာရေး အဖွဲ့အစည်းတွေပေါ့၊ ဥပမာ-အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာ အဲဘာသာရေးခေါင်းဆောင်တွေနဲ့ ညှိရတယ်၊ အားလုံး ပါဝင်စိတ်တူကိုယ်တူ ဆောင်ရွက်ပြီး လုပ်ကြတယ်၊ တာဝန်တွေလည်း ခွဲဝေဆောင်ရွက်ကြတယ်ပေါ့နော်"

လာမယ့် ၁၀ ရက်နေ့မှာ ပြုလုပ်မယ့် ဘာသာပေါင်းစုံဆုတောင်းပွဲကို သုဝဏ္ဏအမျိုးသား အားကစားရုံ ၁ မှာ ညနေ ၄ နာရီကနေ ၆ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

အလားတူ ဘာသာပေါင်းစုံဆုတောင်းပွဲတွေကို မန္တလေးမြို့မှာလည်း NLD ပါတီက ဦးဆောင်ပြီး လာမယ့် အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်သလို အပတ်စဉ် အင်္ဂါနေ့တိုင်း ကျင်းပဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။

နောက်ပိုင်းမှာလည်း ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအားလုံးမှာ ဘာသာပေါင်းစုံဆုတောင်းပွဲတွေ ကျင်းပသွားဖို့ရှိတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းအတွင်း တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက မြို့ကြီးအသီးသီးမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံပွဲတွေ ပြုလုပ်နေပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်တွေအပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြတာကို တွေ့ရပါတယ်။

အဲဒီထောက်ခံပွဲတွေကို ပြုလုပ်ဖို့ ပါတီဗဟိုက ညွှန်ကြားထားတာမဟုတ်ဘဲ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်အလိုက် အစိုးရအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့တွေ၊ NLD အပါအဝင် မဟာမိတ်နိုင်ငံရေးပါတီတွေစုပေါင်းပြီး ပြုလုပ်တာဖြစ်တယ် လို့ ဒေါက်တာစိုးဝင်း က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။