ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ မေလ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေကြောင့် ဒီနေ့အထိ သေဆုံးသူ ၂ဝ ဦး ရှိနေပြီဖြစ်ပါတယ်။
မနေ့ကအထိ သေဆုံးသူ ၁၉ ဦး ရှိခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာ ဒဏ်ရာရရှိသူ ၂၇ ဦးထဲက မန္တလေးဆေးရုံကို ပို့ဆောင်လိုက်သူတစ်ဦးဟာ ပြင်ဦးလွင်အရောက်မှာ သေဆုံးသွားတာဖြစ်ပါတယ်။
သေဆုံးသူတွေထဲမှာ နောင်ရမ်းစက်လှေဆိပ်ပြည်သူ့စစ်စခန်းထဲက တရုတ်နိုင်ငံသား အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး လည်းပါဝင်ပါတယ်။ မနေ့က မနက် ၅ နာရီလောက်မှာ TNLA တပ်ဖွဲ့တွေဟာ မူဆယ်မြို့နယ် စွမ်စော်ရပ်ကွက် အနောက်တောင်ဘက် တောင်ကြောတွေပေါ်ကနေ ဆင်းလာပြီး မူဆယ်မြို့အထွက် မုဒ်ဦးနဲ့ စွမ်စော်လေးလမ်း မန့်ဝိန်း ပေါက်အနီး ရဲကင်းစခန်းတွေကို စတင်ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနောက်မှာ နမ့်ခမ်းဘက် အထွက် ပန်ခမ်းတံတားထိပ်က နမ့်ခမ်းမြို့မပြည်သူ့စစ် စခန်းဘန်ကာအနီးမှာ အပြန်အလှန်ပစ်ခတ်ကြပြီး TNLA တပ်တွေဘက်က အင်အားများတာကြောင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ဟာ တံတားတစ်ဖက်ကမ်းက ရဲကင်းစခန်းတွေဘက်ကို သွားရောက်ပူးပေါင်းပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီ ပန်ခမ်းတံတားရဲကင်းစခန်းမှာ ဒုရဲအုပ် တစ်ဦး ကျဆုံးခဲ့တာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ကူးတို့ဆိပ် တစ်ဖက်ကမ်း နောင်ရမ်းရွာမှာရှိတဲ့ နမ့်ခမ်းမြို့မပြည်သူ့စစ်စခန်းနှစ်ခုကို သွားရောက်ပစ်ခတ်ရာမှာ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာပါ။
အဲဒီပစ်ခတ်မှုတွေအတွင်း သေဆုံးသူ ၁၀ ဦးကျော် ရှိခဲ့ကာ ပြည်သူ့စစ် ၇ဦးပါဝင်ပြီး ကျန်တဲ့သူတွေကတော့ ပြည်သူ့စစ်မိသားစုဝင်တွေနဲ့ လှေဆိပ်မှာ အလုပ်လုပ်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မနေ့ကဖြစ်တဲ့ ပစ်ခတ်မှုတွေမှာ နောင်ရမ်းစက်လှေဆိပ်ပြည်သူ့စစ်စခန်းတစ်ဝိုက်မှာ သေဆုံးဒဏ်ရာရခဲ့သူ အများဆုံးဖြစ်ခဲ့ပါတယ်။
ပစ်ခတ်မှုစတင်လုပ်ဆောင်တဲ့ TNLA က ပြည်သူ့စစ်အဖွဲ့တွေရဲ့ လောင်းကစားဝိုင်းနဲ့ စခန်းတွေကို ဝင်ရောက် ပစ်ခတ်တာသာဖြစ်ကြောင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။
