မူဆယ်ရဲစခန်း အချုပ်သား ထွက်ပြေးမှု ပစ်ခတ်နှိမ်နင်း

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မရဲစခန်းက အချုပ်သားတွေ ထွက်ပြေးတဲ့အတွက် တာဝန်ကျရဲဝန်ထမ်းတွေ က သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့ရာမှာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းက အချုပ်သားတွေကို ထမင်းကျွေးချိန်မှာ အချုပ်သား ၁၇ ယောက်လောက်က တာဝန်ကျရဲဝန်ထမ်းတွေကို ထိုးကြိတ်ပြီး ထွက်ပြေးခဲ့ကြတာလို့ မူဆယ်မြို့မရဲစခန်းမှူးဒု-ရဲမှူးအးမြင့် က ပြောပါတယ်။

''နေ့ခင်း ၁၂ နာရီကထမင်းကျွေးတယ်၊ ဘူးဝကို တံခါးတစ်ချပ်ဖွင့်ပြီးတော့ ထမင်းတောင်းနဲ့ ဟင်းတောင်းကိုထည့်တယ်၊ ထည့်တဲ့အချိန်မှာအချုပ်သား ၃ ယောက်က တံခါးကိုတစ်ဖက်ကပိတ်ဆွဲထား ပြီးနောက်တစ်ဖက်က နှစ်ယောက်က တွန်းထွက်ပြီးတော့ အချုပ်တရားခံစောင့်ရဲတပ်ဖွဲ့ဝင် ၃ ဦးကိုထိုး ကြိတ်ပြီးရေနွေးပူနဲ့ပက်ပြီးတော့ အချုပ်ဆောင်အပေါ်ထပ်ကနေ အောက်ထပ်ကို ဆင်းပြေးတယ်၊ ရှေ့ မှာ ကင်းတာဝန်ကျတဲ့တပ်ဖွဲ့ဝင်နဲ့ တာဝန်မှူးတို့က ဆင်းပြေးလာတာမြင်တော့ သေနတ်နဲ့ခြောက်လှန့်ပစ် လိုက်တယ်၊ တစ်ယောက်ကခါးကိုထိတယ် တစ်ယောက်က ခြေဖနောင့်ကိုထိတယ် ၃ ချက်လောက်ပစ် လိုက်တော့မှ အချုပ်တရားခံတွေက အပေါ်ထပ်ကို ပြန်တက်ပြေးကြတယ်"

သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့ရာမှာ ထောင်ဒဏ်ချမှတ်ခံရပြီးသူ စိုင်းလှဝင်းဆိုသူဟာ သေနတ်ကျည်ဆံ ခါးကို ထိမှန်ပြီး ဝမ်းဗိုက်ပေါက်ထွက်သွားတာကြောင့် မူဆယ်ဆေးရုံအရောက်မှာ သေဆုံးခဲ့ပြီး နောက်တစ်ဦး ကတော့ ခြေဖနောင့်ကို ထိမှန်သွားတယ်လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ စိုင်းလှဝင်း ဆိုသူဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က မူးယစ်မှု၊ လူကုန်ကူးမှု၊ လုယက်မှု ပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၄ နှစ် ကျခံထားရသူဖြစ်ပြီး လားရှိုးအကျဉ်းထောင်ကို မကြာခင် ရက်ပိုင်းအတွင်း ပို့ဆောင်မှာဖြစ်ပါတယ်။

မူဆယ်မြို့မရဲစခန်းမှာ အချုပ်သား ၂၅၀ ကျော်ရှိပြီး လက်ရှိအချုပ်ဆောင် ၈ဆောင်နဲ့ ထိန်းသိမ်းထား တာဖြစ်တယ်လို့ ပြောပါတယ်။