ကော့သောင်းမှာ ဖမ်းမိတဲ့ မွတ်စလင်တွေကို နေရပ်ပြန်ပို့မည်

2019-12-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့အနီး ပင်လယ်ပြင်မှာ ဖမ်းဆီးမိခဲ့တဲ့ မွတ်စလင် ၁၇၀ ကျော် လိုက်ပါလာတဲ့ စက်လှေကို တွေ့ရစဉ်
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့အနီး ပင်လယ်ပြင်မှာ ဖမ်းဆီးမိခဲ့တဲ့ မွတ်စလင် ၁၇၀ ကျော် လိုက်ပါလာတဲ့ စက်လှေကို တွေ့ရစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့အနီး ပင်လယ်ပြင်မှာဖမ်းလိုက်တဲ့ မွတ်စလင်တွေကို အမှုဖွင့်အရေးယူတာတွေမလုပ်ဘဲ နေရပ်ပြန်ပို့ဖို့ ပြည်ထောင်စုအစိုးရက တနင်္သာရီတိုင်းအစိုးရကို ညွှန်ကြားထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းတွေ၊ စစ်တွေနဲ့ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေဟာ ကုန်းလမ်းရေလမ်းတွေကနေ ပြည်တွင်းထဲ၊ ဒါမှမဟုတ် မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို အလုပ်အကိုင်အခွင့်အလမ်းအတွက် ထွက်ခွာတာတွေရှိပါတယ်။

ဒီလိုထွက်ခွာလာသူတွေကို အထောက်အထားမပါဘဲ ခရီးသွားလို့ဆိုပြီး လဝက ဥပဒေတွေနဲ့ ဖမ်းဆီးထောင်ချ ခဲ့သလို တချို့ကို နေရပ်ပြန်ပို့ခဲ့ပါတယ်။

မကြာသေးခင်က တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အနီး ပင်လယ်ပြင်ကနေ ဖမ်းလိုက်တဲ့ မွတ်စလင်တွေ ကိုတော့ အမှုဖွင့်တာတွေမလုပ်ဘဲ နေရပ်ပြန်ပို့ဖို့ ပြည်ထောင်စုအစိုးရက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ လူစွမ်းအားအရင်းမြစ်ဝန်ကြီး ဦးကျော်မင်း ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့

“ခုလောလောဆယ်အနေအထားအရတော့ ဇာဒတ်ကြီးမှာပဲ ရှိသေးတယ်၊ တပ်မတော်စက်လှေနဲ့ ပြန်ပို့မယ်လို့တော့ ကျနော်တို့သိထားတယ်၊ ဒါပေမဲ့ ပြန်ပို့ဖို့ အမိန့်ကို စောင့်ဆိုင်းနေတယ်၊ ဒီရက်ပိုင်း အတွင်းမှာ ပြန်ပို့မယ်လို့တော့ သိထားပါတယ်၊ အမိန့်ကိုပဲ စောင့်နေပါတယ်” လို့ ပြောပါတယ်။

သူတို့ဟာ ဒီဇင်ဘာ ၁၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ ထွက်ပြေးလာသူတွေ အပါအဝင် လူပေါင်း ၁၇၀ ကျော်လိုက်ပါလာတဲ့ စက်လှေကို ကော့သောင်းမြို့နဲ့ ရေမိုင် ၁၅၀ ကျော်လောက်အကွာမှာ တပ်မတော် စစ်ရေယာဉ်က ဖမ်းဆီးခဲ့တာလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။

ထောင်တွေဘာတွေမချဘဲ သူတို့လာတဲ့နေရာကို ပြန်ပို့မယ်ဆိုတော့ ကောင်းတဲ့ခြေလှမ်းတစ်ခုဖြစ်တယ်

အဲဒီထဲမှာ  အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၆၉ ဦး၊ လူငယ် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁၉ ဦး၊ စက်လှေမောင်းသမားနဲ့ အလုပ်သမား ၇ ဦး ပါဝင်ပါတယ်။

သူတို့တွေကို တပ်မတော်ရေတပ် အခြေစိုက်တဲ့ ဇာဒတ်ကြီး ကျွန်းမှာ ထိန်းသိမ်းထားပြီး ဘယ်နေ့ပြန်ပို့မယ် ဆိုတာတော့ မသိသေးပါဘူး။

ကမ်းရိုးတန်းစစ်ဌာချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး သန့်ဇင်ဦး က

“လောလောဆယ် စစ်ဆေးပြီးသွားပြီဗျ၊ စစ်ဆေးပြီး လောလောဆယ် ဇာဒတ်ငယ်နားမှာပဲ ရှိတယ်၊ ကျနော်တို့ တိုင်းဒေသကြီးအစိုးရကနေ အထက်ကိုတင်ပြထားပြီး လက်ရှိအနေထားအရ အမိန့်ကို စောင့်ဆိုင်းဆဲပဲ ရှိနေသေးတယ်၊ လွှဲပြောင်းတာတွေ၊ ပြန်လွှတ်တာတွေ၊ ထွက်ခွာလာတဲ့နေရာတွေကို ပြန်ပို့တာတွေ ဒါတွေက အမိန့်တွေ ဘာမှမလာသေးဘူး၊ လောလောဆယ် အဲနားမှာပဲ ရှိသေးတယ်” လို့ ပြောသွားပါတယ်။

ဒီအထဲမှာ စစ်တွေမြို့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေလည်း ပါဝင်တာကြောင့် စစ်တွေကိုပြန်ပို့မယ့် အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

ထွက်ပြေးလာတဲ့ဒုက္ခသည်တွေကို အရေးမယူဘဲ အခုလိုပြန်ပို့ဖို့ စီစဉ်တာဟာ ကောင်းမွန်တဲ့လုပ်ရပ်လို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်လည်းဖြစ် ကိုဖီအာနန်ကော်မရှင် အဖွဲ့ဝင်ဟောင်းလည်း ဖြစ်တဲ့ ဦးအေးလွင်ကပြောပါတယ်။ayelwin-350.jpg

“ဒါကတိုးတက်မှုလို့ ပြောရမှာပေါ့နော်၊ ဒုက္ခသည်တွေဟာ ဒုက္ခရောက်နေတဲ့ကြားက သူတို့နေထိုင်ရတဲ့အနေအထားတွေ၊ သေမထူး နေမထူးဖြစ်နေလို့ ဒီလောက်အသက်စွန့်ပြီးတော့ စခန်းတွေကနေ ထွက်ခွာလာတဲ့သူတွေလေ၊ အဲဒုက္ခသည်တွေကို ထပ်ပြီး အပြစ်ပေးဦးမယ်ဆိုရင်တော့ တော်တော်လေးကို လူသားချင်း မစာနာရာရောက်တယ်၊ အရင်အဖွဲ့တွေတုန်းက ထောင်တွေချတာမျိုးတွေ ဘာတွေ ရှိခဲ့တယ်၊ အခုတော့ ထောင်တွေ ဘာတွေမချဘဲ သူတို့လာတဲ့နေရာကို ပြန်ပို့မယ် ဆိုတော့ ကောင်းတဲ့ခြေလှမ်းတစ်ခုဖြစ်လို့ ကျနော်က ဝမ်းသာပါတယ်၊ ကြိုဆိုပါတယ်”

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေဟာ ပွင့်လင်းရာသီတွေမှာ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို ကုန်းလမ်း၊ ရေလမ်းတွေကနေ သွားရောက်ဖို့ ကြိုးစားတတ်ကြပြီး လူကုန်ကူးခံရနိုင်တဲ့ အခြေအနေတွေ ရှိနေကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေက ပြောပါတယ်။

ဒီလိုနေရပ်မှာ အဆင်မပြေလို့ ထွက်ပြေးလာသူတွေကို မူလနေရပ်ပြန်ပို့တာ မဖြစ်သင့်ဘဲ သူတို့သွားချင်တဲ့ နေရာသွားဖို့ အထောက်အထား ထုတ်ပေးတာမျိုးတွေ လုပ်ပေးသင့်တယ်လို့ လူ့အခွင့်ရေးလှုပ်ရှားသူ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။

“သူတို့ရဲ့ မူရင်းနေရာကိုပဲ ပြန်ပို့မယ်ဆိုတာကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေပဲဖြစ်တယ်၊ အစိုးရက အမှန်တကယ်ဆို တာဝန်ယူပြီးတော့ ဒီလူတွေကို ဘယ်လိုမျိုး နေရာပြန်ချပေးမလဲ၊ သူတို့မနေချင်တဲ့နေရာကို မနေစေဘဲ သူတို့ တနိုင်ငံကိုသွားမယ်ဆိုရင်လည်း နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးတာမျိုး၊ လူမှောင်ခိုကူး ခံရတယ်ဆိုရင်လည်း လူမှောင်ခိုကူးတဲ့လူတွေကို အရေးယူပြီးတော့ ကူးခံရတဲ့ဒုက္ခသည်တွေကို ဘယ်လို ကုစားပေးမလဲဆိုတာမျိုးတွေ လုပ်ပေးဖို့လိုတယ်”

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ပဋိပက္ခတွေ ဖြစ်ပြီးနောက်ပိုင်း မွတ်စလင်တွေကို ဒုက္ခသည်စခန်းတွေမှာပဲထားပြီး လွတ်လပ်စွာ သွားလာခွင့်မပေးတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူတွေ တဖြည်းဖြည်း များလာပြီး ဖမ်းဆီး ထောင်ချခံရတာတွေလည်း အများကြီးရှိပါတယ်။

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည် ခုနှစ်သိန်းကျော်ရှိနေပြီး ပြန်လည်ခေါ်ယူနိုင်ရေးအတွက် အစိုးရအနေနဲ့ ၂၀၁၈ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ရာမှာ လက်ရှိအချိန်အထိ တရားဝင်ပြန်လာသူ မရှိသေးပါဘူး။ မြန်မာအစိုးရရဲ့ ထုတ်ပြန်ချက်တွေမှာတော့ မိမိသဘောဆန္ဒအရ ပြန်လာသူ အနည်းငယ်ရှိနေကြောင်း ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်အထိ တရားဝင်ပြန်လာသူ မရှိသေးပါဘူး။ မြန်မာအစိုးရရဲ့ ထုတ်ပြန်ချက်တွေမှာတော့ မိမိသဘောဆန္ဒအရ ပြန်လာသူ အနည်းငယ်ရှိနေကြောင်း ထုတ်ပြန်ထားပါတယ်။

ဆိုက်တခုလုံးသို့