ဒုက္ခသည် ၈ ထောင်ကျော်စာရင်းကို လဝက စိစစ်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ပို့ဖို့စာရင်းပေးပို့ထားတဲ့ ဒုက္ခသည် ၈ ထောင်ကျော်စာရင်းကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက စိစစ်နေပြီး အမှန်တကယ်နေထိုင်ခဲ့သူတွေကို ပြန်ခေါ်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အမြန်ဆုံး ပြန်လည်အကြောင်းကြားသွားမှာဖြစ်တယ်လို့ UEHRD ရဲ့ ဒုတိယဥက္ကဌ ဒေါက်တာဝင်းမြတ်အေးက ဒီနေ့ ပြောပါတယ်။

မြန်မာနိုင်ငံက စိစစ်ပြီး ပြန်လည်လက်ခံနိုင်မယ့်သူ စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပို့ပြီးတဲ့အခါ နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း လုပ်ငန်းစတင်မှာဖြစ်တယ်လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

"စိစစ်ပြီးလို့ရှိရင် ဒီစာရင်းကို ဘင်္ဂလားဒေ့ရှ်ကို ပြန်ပို့မယ်။ သူတို့က အမြန်ပြန်ပို့နိုင်အောင် စိစစ်နေပါတယ်လို့ ပြောတယ်။ ဒီနေ့ သတင်းရတယ်။ ပြန်ပို့ပြီးလို့ရှိရင် ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ နှစ်နိုင်ငံသဘောတူညီချက် အတိုင်း ပို့မှာပေါ့နော် ခွဲခွဲပြီးတော့။ တစ်နေ့ကို ၃၀၀ ဆို ၃၀၀ အဲလိုပို့မှာလေ"

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်ပို့မယ့် ဒုက္ခသည်စာရင်းမှာ မွတ်စလင်အရေအတွက် ဘယ်လောက်နဲ့ ဟိန္ဒူအရေ အတွက် ဘယ်လောက်ပါဝင်တယ်ဆိုတာကို မြန်မာဘက်က စိစစ်ပြီးမှသာ ထုတ်ပြန်နိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံသူဦးရေဟာ လက်ရှိမှာ ၆ သိန်းခွဲခန့်ရှိနေပြီလို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ပြောထားပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံနယ်စပ်ကြားမှာ နေထိုင်နေကြသူတွေကို မြန်မာဘက်က ပြန်လည်ခေါ်ယူဖို့ နှစ်နိုင်ငံကြား သဘောတူထားပြီး အမြန်ဆုံးပြန်လည်ခေါ်ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်းနဲ့ နယ်စပ်ကြားမှာ လူဦးရေ ဘယ်လောက်ရှိနေလဲဆိုတဲ့ စာရင်းကို မသိရသေးဘူးလို့ ပြောပါတယ်။