မြိုင်မြို့ ဆူးဝင်းရွာမှာ မီးရှို့ခံထားရတဲ့ အလောင်းခြောက်လောင်းတွေ့

နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ် ဆူးဝင်းရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က မီးရှို့ခံထားရတဲ့ ရုပ်အလောင်း ခြောက်လောင်းထက်မနည်း တွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၅ ရက်နေ့က မြိုင်မြို့နယ် အနောက်ပိုင်းကို စစ်ကြောင်းဝင်လာပြီး ဒေသပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ဆူးဝင်းရွာအနီးမှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ခဲ့တာလို့ လုံခြုံရေး အမည်မဖော်လို့တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ခြောက်လောင်း အထက်ရှိတယ်။ တစ်နေရာတည်း ရှို့ထားတာ မဟုတ်ဘူး။ အများကြီးပဲ။ အလောင်းတွေကို လေးနေရာလောက်မှာ မီးရှို့ထားတာ"

ဒါ့အပြင် ဆူးဝင်းရွာက နေအိမ်လေးလုံးနဲ့ အတူ ရုပ်အလောင်းတွေပါ ရောပြီးမီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအလောင်းတွေ ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုလို့ မရသေးပေမယ့် ဒေသခံတွေနဲ့အတူ စစ်ကောင်စီတပ်သားတွေရဲ့ ရုပ်အလောင်းတွေပါ ပါဝင်တယ်နေတယ်လို့ ဒေသခံတွေ ဆိုပါတယ်။

ဇူလိုင် ၅ ရက် နှစ်ဖက်တိုက်ပွဲအတွင်း PDF တွေဘက်က နှစ်ဦးသေဆုံးပြီး စစ်ကောင်စီ ဘက်ကလည်း ဗိုလ်ကြီးတစ်ဦးအပါအဝင် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ဒေသ ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

" သူတို့ဘက်က ဗိုလ်ကြီးစိုးဝင်းဆိုလား ပါတယ်ပြောတယ်။ ကားနဲ့တင်လာတာ သူတို့ အလောင်းတွေကို။ ဒဏ်ရာရတာတွေရော လမ်းမှာ တိုက်ပွဲဖြစ်တာတွေရော ကျနော်တို့ ရွာမှာ ဖြစ်တာတွေရောဆို ခုနစ်လောင်း၊ ရှစ်လောင်း အထက်မှာပဲ ရှိမှာ"

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မြိုင်မြို့နယ် အနောက်ပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ဆူးဝင်း၊ ကျောက်ခွက်၊ သရက်ကန်၊ ဝယ်တောင်၊ ရေခါး၊ နယ်သတ်၊ တဲကြီး၊ တောင်ရိုး၊ ဝက်ဖို၊ မကြီးကန်၊ ညောင်ပင်ဇောက် စတဲ့ ရွာပေါင်း ဆယ်ရွာကျော်က ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေး နေကြရပါတယ်။