မြန်မာ့အလုပ်အကိုင် တစ်သန်းလောက်ဆုံးရှုံးပြီး ဆင်းရဲနှုန်း နှစ်ဆတိုးလာမယ်လို့ ကမ္ဘာ့ဘဏ်ထုတ်ပြန်

2021.07.26
မြန်မာ့အလုပ်အကိုင် တစ်သန်းလောက်ဆုံးရှုံးပြီး ဆင်းရဲနှုန်း နှစ်ဆတိုးလာမယ်လို့ ကမ္ဘာ့ဘဏ်ထုတ်ပြန် ဆင်ရဲနွမ်းပါးတဲ့ ပြည်သူများကို တွေ့ရစဉ်
Photo - AFP

စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ကပ်ရောဂါရဲ့ ဒဏ်ကြောင့် မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုနှုန်း နှစ်ဆ မြင့်တက် သွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က အစီရင်ခံစာတစ်စောင် ဇူလိုင်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာပြည်သူတွေအတွက် အလုပ်အကိုင် တစ်သန်းလောက် ဆုံးရှုံးနိုင်တယ်လို့လည်း ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ စီးပွားရေး စောင့်ကြည့်မှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စီးပွားရေးအခြေအနေဟာလည်း လာမယ့်နှစ်မှာ ၁၈ ရာခိုင်နှုန်းလောက်ထိ ကျုံသွားနိုင်ပြီး ဒီပမာဏာဟာ အာဏာမသိမ်းခင်နဲ့ ကိုဗစ်ရောဂါမဖြစ်ခင် အခြေအနေက ရှိခဲ့တဲ့ စီးပွားရေး ပမာဏထက် ၃၀ ရာခိုင်နှုန်း ပိုသေးငယ်သွားမယ်ကို ဆိုလိုတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက် ၂၀၂၀ ခုနှစ်အတွင်း ကိုဗစ်ဒဏ်ကြောင့် ထိခိုက်ခဲ့ရတဲ့ မြန်မာ့စီးပွားရေးဟာ လာမယ့် ၂၀၂၁ ခုနှစ်မှာ ပြန်နလန်ထူလာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က အရင်က ခန့်မှန်းပြောဆိုခဲ့ဖူးတာ ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းမှုဖြစ်ခဲ့ပြီးနောက် ကိုဗစ်ရောဂါတွေလည်း မထိန်းချုပ်နိုင်တော့ဘဲ ပြန်လည်ဆိုးလာတာကြောင့် မြန်မာ့စီးပွားရေးဟာ ပိုပိုဆိုးလာတဲ့ အခြေအနေကို ဦးတည်လာနေကြောင်း ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ တွေ့ရပါတယ်။

အလုပ်လက်မဲ့ဖြစ်ပြီး ဝင်ငွေ ဆုံးရှုံးတဲ့ဒဏ်၊ ကျန်းမာရေးနဲ့ အစားအသောက် မလုံလောက်တဲ့ ဒဏ်တွေကို ချို့တဲ့သူတွေ၊ အဆင်းရဲဆုံး ပြည်သူတွေ ပိုခံရမယ်လို့ ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်က အစီရင်ခံစာမှာ ပြောထား ပါတယ်။ ပြည်တွင်းက ဆန္ဒပြမှုတွေ၊ အလုပ်သမားပြတ်တောက်မှုတွေ၊ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေနဲ့ ကျန်းမာရေး ပညာရေး ယိုယွင်း ပျက်စီးမှုတွေကြောင့် စီးပွားရေး အဓိက ထိခိုက်နေရတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

ဘဏ်လုပ်ငန်းတွေ ပြန်ဖွင့်နေနိုင်ပြီဆိုပေမယ့် ငွေကြေးဝန်ဆောင်မှုမှာ လိုအပ်ချက်တွေ ဆက်ရှိနေဆဲလို့ ဆိုပါတယ်။ လယ်ယာစိုက် တောင်သူတွေလည်း ထွက်ကုန်ရောင်းရငွေ စျေးနှုန်းကျဆင်းတာ စိုက်ပျိုးချေးငွေ မရတဲ့ဒဏ်တွေကို ခံစားနေရတယ်လို့ ပြောထားပါတယ်။

လတ်တလော မြန်မာပြည်ရဲ့ အခြေအနေတွေဟာ ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်းရခဲ့တဲ့ တိုးတက်ပြောင်းလဲမှုတွေကို ခြိမ်းခြောက်နေတယ်လို့လည်း ကမ္ဘာ့ဘဏ်က ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။