အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံကျင်းပနေချိန် မြန်မာနဲ့ကမ္ဘောဒီးယား ဆန္ဒပြ

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2022.05.12
အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံကျင်းပနေချိန် မြန်မာနဲ့ကမ္ဘောဒီးယား ဆန္ဒပြ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တေ်တွင် ၂ဝ၂၂ ခုနှစ် မေလ ၁၂ ရက်နေ့က အမေရိကန်ရောက် မြန်မာနှင့် ကမ္ဘောဒီးယား နိုင်ငံသားများ ဆန္ဒပြကြစဉ်။
Photo: RFA

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ သမ္မတဘိုင်ဒင် ဦးဆောင်တဲ့ အမေရိကန်- အာဆီယံထိပ်သီးညီလာခံ ကျင်းပနေတဲ့ တချိန်တည်းမှာပဲ အာဆီယံခေါင်းဆောင်တွေကို ဖိအားပေး ဆန္ဒပြနေကြတာဖြစ်ပါတယ်။

အာဆီယံဒေသတွင်းမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး ထွန်းကားအောင်လုပ်ပြီး အာဏာရှင်စနစ်တွေ ချုပ်ငြိမ်းအောင် ဖိအားပေးကြဖို့ ဆန္ဒပြသူတွေက အမေရိကန်အစိုးရနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

အထူးသဖြင့် စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံနဲ့၊ အာဏာရှင်စနစ်နဲ့ နှစ်ပေါင်းများစွာ အုပ်ချုပ်ခံနေရတဲ့ ကမ္ဘောဒီးယားနိုင်ငံကို ဝိုင်းဖိအားပေးကြရမယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်နဲ့၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်အစိုးရအဖွဲ့ကို လက်နက်ရောင်းချမှု ချက်ချင်းပိတ်ပင်ဖို့၊ ဒီနိုင်ငံတွေရဲ့ ထောက်လှမ်းရေးစနစ်တွေကို ကန့်သတ်ဖို့၊ ဒီနိုင်ငံတွေနဲ့ စီးပွားရေးလုပ်နေတဲ့ ဘယ်နိုင်ငံ၊ ဘယ်ကုမ္ပဏီကို မဆို အမေရိကန်အစိုးရအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ စတဲ့ အချက်တွေကို ဆန္ဒပြသူတွေက အဓိကထား တောင်းဆိုကြတာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ ချင်းတိုင်းရင်းသူ မရိုစီက ....

"မင်းအောင်လှိုင်ကို လုံးဝလူရာမသွင်းဖို့၊ မင်းအောင်လှိုင်သည် ပြည်သူကို ကိုယ်စားမပြုဘူးဆိုတာ ပြသဖို့ လာတာ။ သူဟာ အခုအချိန်ထိ လူတွေကို သတ်ဖြတ်နေတယ်လို့ သူ့ကို အရေးယူပေးဖို့ တောင်းဆိုရတာပါ"

အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာအာဏာသိမ်း စစ်ကောင်စီကို ရှုတ်ချပြီး လူထုတင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု တွေ့ဆုံဆွေးနွေးကြဖို့လည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ပါတယ်။

ဆန္ဒပြပွဲ ဦးဆောင်တဲ့ အမေရိကန်နိုင်ငံရောက် ကမ္ဘောဒီးယားနိုင်ငံရေး တက်ကြွလှုပ်ရှားသူ Mr.Rithy Uong က ....

"တရုတ်နိုင်ငံက စီးပွားရေးအရ နယ်ချဲ့နေတာ တစ်ကမ္ဘာလုံးကိုပါပဲ။ အထူးသဖြင့်တော့ ဆင်းရဲတဲ့နိုင်ငံတွေကိုပါ။ ဆင်းရဲတဲ့နိုင်ငံတွေက ခေါင်းဆောင်တွေကို ပိုက်ဆံတွေပေးတယ်၊ လာဘ်ထိုးတယ်၊ အင်အားသုံးစည်းရုံးတယ်။ မြန်မာပြည်မှာလည်း ဒီလိုပဲ။ တရုတ်က မြန်မာစစ်ခေါင်းဆောင်ကို ဖိအားတွေပေးတယ်။ ကမ္ဘောဒီးယားမှာလည်း ဒီလိုပဲ။ ဝန်ကြီးချုပ် ဟွန်ဆန်ကို တရုတ်က ဖိအားတွေပေးတယ်။ တရုတ်လွှမ်းမိုးတဲ့ ကိစ္စဟာ ကျနော်တို့ ဒေသတွင်းနိုင်ငံတွေ အတွက် အကြီးမားဆုံး စိန်ခေါ်မှုပါ"

ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ အမေရိကန်ရောက် ဆရာတော်တစ်ပါးက .....

" NUG အစိုးရကို အမေရိကန်အစိုးရကသာ တရားဝင် အသိအမှတ်ပြုလိုက်ရင် တခြားနိုင်ငံတွေကလည်း တဖြည်းဖြည်း အသိအမှတ်ပြုလာမယ်။ ဒီလိုပြုလာရင် NUG ဟာ မြန်မာကိုယ်စားပြု ကမ္ဘာ့အလယ်မှာ တရားဝင်အစိုးရဖြစ်လာပြီး ဒီမိုကရေစီအတွက် အရေးပါတဲ့အခန်းကနေ ပါဝင်လာမယ်"

အမေရိကန် - အာဆီယံ ထိပ်သီးညီလာခံကို သမ္မတဂျိုးဘိုင်ဒင်ဦးဆောင်ပြီး ကြာသပတေးနဲ့ သောကြာနေ့ နှစ်ရက်ကျင်းပမှာပါ။ ဒီညီလာခံကို တက်ဖို့ မြန်မာစစ်ကောင်စီကို ဖိတ်ထားတာ မရှိသလို NUG အစိုးရ ဘက်ကိုလည်း ဖိတ်ထားတာ မရှိပါဘူး။

usa-protest.JPG
၂ဝ၂၂ ခုနှစ် မေလ ၁၂ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့‌တော်တွင် ဆန္ဒပြနေကြသော အမေရိကန်ရောက် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံသားများ။ (Photo: RFA)

ဒါပေမဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ ဝါရှင်တန်ဒီစီမှာ ရောက်နေပါတယ်။ ဒေါ်ဇင်မာအောင်ဟာ ညီလာခံပြင်ပမှာ အာဆီယံခေါင်းဆောင်တချို့၊ အမေရိကန်အစိုးရတာဝန်ရှိသူတချို့နဲ့ တွေ့ဆုံဖို့ရှိနေတာပါ။

အာဆီယံခေါင်းဆောင်တွေအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သံတမန်နည်းအရ ပိုနက်နက်ရှိုင်းရှိုင်းပါဝင်ကြဖို့၊ မြန်မာစစ်တပ်နဲ့တင်မက မြန်မာအတိုက်အခံတွေနဲ့ပါ ဆွေးနွေးကြဖို့ လိုလားကြောင်း အမေရိကန်အမျိုးသားကောင်စီ အင်ဒိုပစိဖိတ်ရေးရာ ညှိနှိုင်းရေးမှူး Kurt Campbell ကလည်း ပြောထားပါတယ်။

ဒီကနေ့ ဝါရှင်တန်ဒီစီမှာ လုပ်ခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံနဲ့ အပြိုင် ဆန္ဒပြပွဲမှာ လူအင်အား ၃ဝဝ လောက် ပါပါတယ်။ ဒီဆန္ဒပြပွဲကို အမေရိကန်နိုင်ငံမှာ အခြေချနေထိုင်နေကြတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေ အဓိက ဦးဆောင်ကျင်းပတာပါ။

မကြာမီ မိုးတွင်းကာလ ရောက်တော့မှာမို့ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ဒုက္ခကြုံတွေ့နေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေကို အမေရိကန်အစိုးရအနေနဲ့ အမြန်ဆုံး ပေးဖို့လည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။