ကိုးကန့်ဒေသမှာ မြန်မာစစ်တပ် အကျအဆုံးများ

မြန်မာနိုင်ငံမြောက်ပိုင်းက ကိုးကန့်ပြဿနာ နဲ့ ပတ်သက်ပြီး အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေ သီးခြားအစီအစဉ်နဲ့ ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေရဲ့ (၇) ကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲ တတိယနေ့ဖြစ်တဲ့ မနေ့က သဘောတူခဲ့ကြတာပါ။

ဆွေးနွေးပွဲ အဓိကအစီအစဉ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူမူကြမ်းက ထိပ်ဆုံးကို ရောက်နေတာကြောင့် တစ်ကြောင်း၊ ဆွေးနွေးပွဲမှာ နိုင်ငံတကာ သံတမန်တွေ ပါဝင်နေတာကတစ်ကြောင်းတို့ကြောင့် ကိုးကန့်ပြဿနာကို သီးခြားအစီအစဉ်နဲ့ ဆွေးနွေးဖို့အဆိုကို အစိုးရ ရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC က သဘောတူခဲ့ တာ ဖြစ်တယ်လို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ဆွေးနွေးပွဲ ပထမဆုံးနေ့က ကိုးကန့်ပြဿနာ နဲ့ ကချင်အရေး ဆွေးနွေးခဲ့ကြပေမဲ့၊ အသေးစိတ်မသိရပါဘူး။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကတော့ MNDAA ကိုးကန့်တပ်ဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီ ခေါ်ယူဖို့ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

ဒီအတွင်း လောက်ကိုင်မြို့အနီးမှာ အစိုးရစစ်တပ်နဲ့ ကိုးကန့်အဖွဲ့တို့ ဗုဒ္ဓဟူးနေ့က တိုက်ပွဲအပြင်းအထန် ဖြစ်ပွား ခဲ့ရာမှာ အစိုးရတပ်ဖက်က လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်ခဲ့ပြီး၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ ကိုးကန့်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်း က ပြောပါတယ်။

"မနေ့ကဖြစ်တာက ခုတ်ထန်မှာ မနက်ကနေ ညနေအထိ၊ တိုက်လေယာဉ်က လေးစင်း၊ နှစ်စင်း တစ်ကြိမ်ပေါ့နော်၊ ရဟတ်ယာဉ်ကနှစ်စီး၊ လောလောဆယ်ကြားတာကတော့ သူတို့လေယာဉ်နဲ့ ဗုံးကြဲတဲ့နေရာမှာ ရွာထဲက အဆောက်အဦးတွေ ပျက်စီးသွားတယ်ပြောတယ်၊ ပြည်သူလူထု အသက်ဆုံးရှုံးမှုရှိလားတော့ ကျနော်လည်းမပြောတတ်သေးဘူး၊ ခုရက်ပိုင်းကတော့ တော်တော်လေးပြင်းထန်ပါတယ်"

ဒီအတောအတွင်းမှာပဲ တရုတ်ပိုင်နက်ထဲကို မြန်မာအစိုးရလေတပ်က ဗုံးတစ်လုံးကျရောက်ခဲ့လို့ သေဆုံးသွားတဲ့ တရုတ်နိုင်ငံသားတွေအတွက် တစ်ဦးကို အမေရိကန်ဒေါ်လာ ၁ သောင်း ၁ ထောင်ကျော် လျော်ကြေးပေးဖို့ ကမ်းလှမ်းခဲ့တယ်ဆိုတာ မဟုတ်မမှန်ကြောင်း နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ လောက်ကိုင်အနီးမှာ မနေ့က မနက်ပိုင်းအထိ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ သိရပါတယ်။ အခုထိ နှစ်ဖက်အကျအဆုံး တစ်ရာကျော်ရှိနေပြီး၊ အများစုဟာ အစိုးရတပ်ဘက်ကဖြစ်တယ် လို့ ဒေသခံတွေကပြောပါတယ်။