မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး မစ်ရှင်အဖွဲ့တဖွဲ့ စေလွှတ်ဖို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) က လေ့လာနေပါတယ်။
ဒါဟာ အာဏာသိမ်းစစ်ကောင်စီနဲ့ အာဏာသိမ်းမှုကို လက်မခံသူတွေအကြား ဆွေးနွေးပွဲ ဖြစ်မြောက်အောင် ကြားဝင်ဆောင်ရွက်မယ့် ပထမအဆင့် အဆိုပြုချက်ဖြစ်တယ်လို့ ဒေသတွင်းသံတမန်တွေကို ကိုးကားပြီး ရိုက်တာသတင်းတပုဒ်မှာ ဧပြီလ ၁၆ ရက်နေ့က ဖော်ပြပါတယ်။
အခုလအတွင်း ကျင်းပဖို့ရှိတဲ့ အာဆီယံထိပ်သီးအစည်းအဝေး မတိုင်ခင် ဒီအဆိုပြုချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ အာဆီယံ ထိပ်သီးအစည်းအဝေးကို မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မယ်လို့ သံတမန်တွေက ယူဆထားကြတာပါ။ ဒီသတင်းနဲ့ပတ်သက်လို့ ရိုက်တာသတင်းဌာနက မြန်မာစစ်ကောင်စီကို ဆက်သွယ်မေးမြန်းရာမှာတော့ တစုံတရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH တာဝန်ရှိသူတွေနဲ့ အာစီယံနိုင်ငံခြားရေးဝန်ကြီးတချို့ ပြောဆိုဆွေးနွေးတာ ရှိပေမယ့် ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ဖိတ်ခေါ်ထားတာ မရှိသေးပါဘူး။ CRPH က သောကြာနေ့က ဖွဲ့စည်းလိုက်တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရကတော့ အာဆီယံဘက်က ဘယ်လို အထောက်အပံ့ အကူအညီမျိုးမဆို လက်ခံနိုင်ပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုတော့ ထိပ်သီးအစည်းအဝေး တက်ရောက် ခွင့်မပြုဖို့ ပြောဆိုထားပါတယ်။
CRPH ရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ် ဒေါက်တာဆာဆာက … လူသတ်သမားအကြီးအကဲ မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေး တက်ဖို့ ဖိတ်ကြားမယ်ဆိုရင် အာဆီယံထိပ်သီးအစည်းအဝေးအတွက် အကြီးအကျယ် အရှက်တကွဲ ဖြစ်ရုံသာမက မြန်မာပြည်သူတွေအပေါ် ကြီးမားတဲ့ စော်ကားမှုတစ်ရပ် ဖြစ်သွားလိမ့်မယ်လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
အင်ဒိုနီးရှား သံတမန်ဟောင်းတစ်ဦး ဖြစ်တဲ့ Dr Rizal Sukma ကတော့… တကယ်လို့ အာဆီယံအစည်းအဝေးရဲ့ အဓိကရည်မှန်းချက်ဟာ မြန်မာစစ်တပ်က သတ်ဖြတ်နေတာတွေကို ရပ်တန့်ဖို့ ဖြစ်တယ်ဆိုရင် ဒီသတင်းစကားကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အစည်းအဝေးမှာ တိုက်ရိုက်ပြောကြားတာက အကောင်းဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေး ဘယ်နေ့မှာ ပြုလုပ်မယ်ဆိုတာ တရားဝင်မထုတ်ပြန်သေးပေမယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်း ရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာတော့ ဧပြီလ ၂၄ ရက်နေ့ ပြုလုပ်မယ့် ဒီအစည်းအဝေးကို တက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်ကို သွားရောက်မယ်လို့ ရေးထားပါတယ်။