မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်အရာရှိတွေ အစည်းအဝေး အချက် ၁၁ ချက် သဘောတူ

အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု တားဆီးရေးနဲ့ မူးယစ်ဆေးဝါး တားဆီးရေးအပါအဝင် အချက် ၁၁ ချက်ကို မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့တွေအကြား အဆင့်မြင့်အရာရှိကြီးတွေ အစည်းအဝေးမှာ သဘောတူညီမှု ရရှိခဲ့ပါတယ်။

နေပြည်တော်က Royal ACE ဟိုတယ်မှာ မနေ့က ကျင်းပခဲ့တဲ့ နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့တွေကြား အဆင့်မြင့်အရာရှိကြီးတွေ အစည်းအဝေးမှာ ဆွေးနွေးခဲ့ပြီး သဘောတူညီချက်တွေကို ဒီကနေ့ ထုတ်ပြန် တာဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေအပေါ် လုံးဝသည်းမခံတဲ့ မူဝါဒကို ကိုင်စွဲမှာဖြစ်ကြောင်း နှစ်နိုင်ငံစလုံးက ကတိပြုခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက မည်သည့်အကြမ်းဖက်အုပ်စုတွေကိုမဆို သူတို့နယ်မြေကို အသုံးချခွင့်ပေးမှာမဟုတ်ဘူးလို့ ဒီနေ့ သဘောတူထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် Md Shafeenul (မာမွတ်ရှာဖီနူးလ်) က နယ်စပ် မှာဖြစ်ပွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပူးတွဲနှိမ်နင်းဖို့ သဘောတူခဲ့ကြောင်း၊ တရားမဝင်နယ်စပ်ဖြတ်ကျော် တာတွေကိုလည်း နှစ်ဖက်တပ်တွေ ဆင့်ခေါ်ပြီး အမြန်ဆုံးပြန်ပို့ပေးရေး ဆွေးနွေးခဲ့ကြောင်း ပြောခဲ့ပါတယ်။

မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဒီအစည်းအဝေးမှာ AA နဲ့ ARSA အဖွဲ့တွေကို နှစ်နိုင်ငံနယ်ခြားစောင့် တပ်တွေ ပူးပေါင်းပြီး နှိမ်နင်းသွားမယ်ဆိုတာကြောင့် လုံခြုံရေးအတွက် အထောက်အကူဖြစ်တယ်လို့ ပြောပါတယ်။

ဒီနေ့ သဘောတူညီချက်တွေထဲမှာ အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားမှုအပါအဝင် နိုင်ငံဖြတ်ကျော် မှုခင်းတွေကို အချိန်နဲ့တပြေးညီ သတင်းဖလှယ်ဖို့၊ ဆောင်ရွက်ပြီးစီးခဲ့တဲ့ နှစ်ဖက်ညှိနှိုင်း ကုန်းမိုင်၊ ရေမိုင်ကင်းလှည့်ခြင်းဟာ နယ်စပ်ဒေသတွေအတွက် အကျိုးဖြစ်ထွန်းစေတာကြောင့် ဆက်လက်တိုးမြှင့် ဆောက်ရွက်ဖို့လည်း သဘော တူခဲ့ကြပါတယ်။

နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့အကြား အဆင့်မြင့်အရာရှိကြီးတွေ အစည်းအဝေးကို လာမယ့် အောက်တိုဘာလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။