၂၀၁၇ ခုနှစ် မြန်မာ့စီးပွားရေးစစ်တမ်း ထုတ်ပြန်
2017.12.12

မြန်မာ့စီးပွားရေးကဏ္ဍမှာ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်ကုမ္ပဏီတွေရဲ့ စီးပွားရေးယုံကြည်စိတ်ချမှု Business Confidence သိသိသာသာလျော့ကျသွားတယ်လို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI နဲ့ ဂျာမနီနဲ့ ဥရောပ အခြေစိုက် စီးပွားရေးအကြံပေးအဖွဲ့ဖြစ်တဲ့ ရိုလင်ဘာဂျာ Roland Berger တို့ ပူးပေါင်းပြီး ကောက်ယူခဲ့တဲ့ ၂၀၁၇ ခုနှစ် မြန်မာ့စီးပွားရေးစစ်တမ်း Myanmar Business Survey 2017 မှာ ဖော်ပြထားပါတယ်။
ဒီနေ့ ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းမှာရှိတဲ့ UMFCCI ရုံးမှာ မြန်မာ့စီးပွားရေးစစ်တမ်း ထုတ်ပြန်ပွဲ ကျင်းပခဲ့ တာဖြစ်ပါတယ်။ ရိုလင်ဘာဂျာရဲ့ ဒီစီးပွားရေးစစ်တမ်းဟာ သဘာဝအရင်းအမြစ် လုပ်ငန်းတွေနဲ့ စွမ်းအင် လုပ်ငန်းတွေက လုပ်ငန်းရှင် ၆၀၀ လောက်ကို မေးမြန်းပြီး ပြုစုထားတာဖြစ်တယ်လို့ UMFCCI ရဲ့ တွဲဘက် အထွေထွေအတွင်းရေးမှူး ဒေါက်တာ အောင်သိန်းက ပြောပါတယ်။
"ဒီစစ်တမ်းကလည်း ခုနကသူပြောသွားတဲ့ ဒီ ၆၀၀ ကိုပဲ ရွေးချယ်ပြီး ကောက်တဲ့အတွက်ကြောင့် ကျနော်တို့ကောက်ယူရာမှာ မပါတဲ့ ကုမ္ပဏီလုပ်ငန်းပေါင်းက သောင်းဂဏန်း၊ သိန်းဂဏန်းနဲ့ ချီပြီးတော့ ရှိဦးမှာဖြစ်ပါတယ်၊ အဲ့ကုမ္ပဏီတွေကို မေးကြည့်လိုက်ရင် သူတို့ရဲ့ယုံကြည်မှုက ကျဆင်းချင်မှ ကျဆင်းမယ်၊ ဒီတစ်ခုတည်းပေါ်မှာ ဆုံးဖြတ်လို့မပြီးဘူး၊ ကျနော်တို့နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေကို ကြည့်ရင် ကဏ္ဍတွေအများကြီးရှိပါတယ်၊ တခြားကဏ္ဍတွေ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ကျနော်တို့ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ နောက်ဝန်ဆောင်မှုကဏ္ဍတွေအများကြီးရှိပါတယ်"
စစ်တမ်းအရ စီးပွားရေးယုံကြည်စိတ်ချမှုဟာ အရင်နှစ်က ၇၃ % ရှိခဲ့ရာက ဒီနှစ်မှာတော့ ၄၉ %ထိ သိသိသာသာလျော့ကျသွားတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။
အဲဒီလိုကျဆင်းသွားရတဲ့ အဓိကအချက်တွေက ကျွမ်းကျင်းလုပ်သားရှားပါးတာ၊ အစိုးရရဲ့ ပြတ်သားတဲ့စီးပွားရေး ဆိုင်ရာ မူဝါဒမရှိတာ၊ မမျှော်မှန်းနိုင်တဲ့ ဥပဒေ၊ နည်းဥပဒေတွေ ချမှတ်လာနိုင်တဲ့ အခြေအနေတွေရှိနေတာ၊ မမျှော်လင့်နိုင်တဲ့ ရွေးချယ်ဆောင်ရွက်တဲ့ လုပ်ထုံးလုပ်နည်းတွေ ချမှတ်ဖော်ဆောင်တာ စတဲ့အချက်တွေကြောင့်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ဖြေဆိုကြောင်း စစ်တမ်းအရသိရပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်ဖို့နဲ့ ပြည်တွင်းပြည်ပလုပ်ငန်းရှင်တွေရဲ့ ယုံကြည်မှုရရှိလာဖို့အတွက် မြန်မာ အစိုးရအနေနဲ့ လျှပ်စစ်မီး လုံလုံလောက်လောက်ရရှိအောင် ဆောင်ရွက်ပေးဖို့၊ မူဝါဒတွေချမှတ်ပြီး ကျင့်သုံးတဲ့ အခါ မြင်သာ ထင်သာရှိဖို့၊ တရားဥပဒေစိုးမိုးရေးရှိဖို့၊ ဆက်သွယ်ရေးလမ်းတွေကောင်းဖို့၊ လုပ်ငန်းလိုင်စင်နဲ့ လုပ်ထုံးလုပ်နည်းတွေ ပိုမိုရှင်းလင်းလွယ်ကူအောင် ဆောင်ရွက်ဖို့၊ ဌာနဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင် မှုတွေ ပြုလုပ်ဖို့၊ ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲဖို့၊ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲဖို့နဲ့ သင်တန်းပေးဖို့ စတဲ့အချက်တွေကို လုပ်ဆောင်ပေးဖို့ လိုတယ်လို့ စစ်တမ်းမှာ အကြံပြုထားပါတယ်။
UMFCCI နဲ့ စီးပွားရေး စစ်တမ်းပူးပေါင်းကောက်ယူခဲ့တဲ့ Roland Berger ဆိုတာ ၁၉၆၇ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ ဂျာမနီနဲ့ ဥရောပအခြေစိုက် စီးပွားရေးအကြံပေးအဖွဲ့ကြီးဖြစ်ပြီး လက်ရှိ နိုင်ငံပေါင်း ၃၄ နိုင်ငံမှာ ရုံးခွဲတွေ ဖွင့်လှစ်ထားပါတယ်။