ဗိုလ်ချုပ်ပုံပါတဲ့ ငွေစက္ကူတွေ လာမယ့် နှစ်မှာ ရိုက်နှိပ်ထုတ်ဝေတော့မည်

0:00 / 0:00

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ငွေစက္ကူတွေကို လာမယ့် ၂၀၁၉ ခုနှစ်မှာ ရိုက်နှိပ် ထုတ်ဝေသွားမယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ၃ ဦးဘိုဘိုငယ်က ပြောပါတယ်။

နိုင်ငံခြားဘဏ် ဘဏ်ခွဲတွေကို ပြည်တွင်းဘဏ်တွေနည်းတူ ဝန်ဆောင်မှုလုပ်ငန်းတွေ ဗဟိုဘဏ်က လုပ်ဆောင် ခွင့်ပေးလိုက်တာနဲ့ ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှာ သတင်းစာ ရှင်းလင်းပွဲအပြီးမှာ ဦးဘိုဘိုငယ်က RFA ကို အခုလို ပြောခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေအတွက် ဝန်ဆောင်မှု ပေးနိုင်ဖို့ နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ခုကို ပြည်တွင်းဘဏ်တွေနည်းတူ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေထံ ငွေချေးပေးဖို့နဲ့ တခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေကို ဆောင်ရွက်ဖို့ နိုဝင်ဘာ ၈ ရက်နေ့က ခွင့်ပြုလိုက်အပြီး ဒီနေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်တာဖြစ်ပါတယ်။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ၂ ဦးစိုးသိန်း၊ ဒုတိယဥက္ကဋ္ဌ ၃ ဦးဘိုဘိုငယ်တို့က ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားဘဏ်ခွဲတွေကို မြန်မာနိုင်ငံမှာ စတင်ဖွင့်လှစ်ခွင့်ပေးထားတာဟာ ၄ နှစ်လောက်ရှိပြီဖြစ်ပေမယ့် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေအတွက် ငွေချေးပေးခွင့်နဲ့ ပြည်တွင်းဘဏ်တွေရဲ့ ဘဏ်လုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ပေးလိုက်တာဖြစ်ပါတယ်။

ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေကို ငွေထုတ်ချေးတာ၊ ငွေလက်ခံတာတွေကို နိုင်ငံခြားငွေနဲ့ လုပ်ဆောင်ခွင့် ပေးထားမှာဖြစ်ပြီး ရန်ကုန်တစ်မြို့တည်းအတွက် ဖွင့်လှစ်ခွင့်ပေးထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ၃ ဦးဘိုဘိုငယ်က ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ငွေစက္ကူတွေ ထုတ်လုပ်မယ့် ကိစ္စနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲအပြီး RFA ကို အခုလို ပြောပါတယ်။

"အဲဒါတော့ ဆက်လုပ်နေပါတယ်။ တိုးတက်မှုလည်း ရှိပါတယ်။ သေချာလုပ်ရတဲ့အတွက် နည်းနည်းတော့ အချိန်စောင့်ရတယ်။ ကျနော်က ဒီဌာနကို ကိုင်တာမဟုတ်တော့ အတိအကျမသိဘူး။ ၂၀၁၉ အတွင်းတော့ဖြစ် မယ်"

ပြည်တွင်းမှာ လိုအပ်ချက်ရှိနေတဲ့ နိုင်ငံခြားငွေလိုအပ်ချက်ကို ပြည်တွင်းဘဏ်တွေအနေနဲ့ မဖြည့်စွမ်းနိုင်တဲ့အတွက် နိုင်ငံခြားဘဏ် ဘဏ်ခွဲတွေအနေနဲ့ အဓိကထားလုပ်ဆောင်စေချင်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ၂ ဦးစိုးသိန်းက ပြောပါတယ်။

"ကျနော်တို့က သူတို့ကိုပေးစေချင်တဲ့ဝန်ဆောင်မှုက နိုင်ငံခြားငွေကြေးကို ပံ့ပိုးတာကို အဓိကထားပေးစေချင်တာ။ ပြည်တွင်းမှာလိုနေတဲ့ နိုင်ငံခြားငွေကြေးအပိုင်းကို ပြည်တွင်းဘဏ်တွေက မဖြည့်စွမ်းနိုင်ဘူး အဲဒါကိုသူတို့ကို အလေးထားလုပ်စေချင်တာ"

ပြည်တွင်းဘဏ်လုပ်ငန်းရှင်တွေ အနေနဲ့ ဗဟိုဘဏ်က ချမှတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုအား နည်းကြောင်း နိုင်ငံခြားဘဏ်ခွဲတွေ လာရောက်ဖွင့်လှစ်မယ်ဆိုရင် ယှဉ်ပြိုင်နိုင်ဖို့အတွက် ပြည်တွင်းဘဏ်တွေက ဝန်ဆောင်မှုတွေ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ၃ ဦးဘိုဘိုငယ်က ပြောပါတယ်။

"ဒီလိုပြိုင်ဆိုင်မှုဝင်လာမှပဲ တကယ်အလုပ်လုပ်လာမယ်လို့ ကျနော်က ထင်တယ်။ ဒီဟာကို လုံးဝအပြည့်အစုံ တသက်လုံး ကာကွယ်ပေးထားလို့ရှိရင်တော့ ကိုယ့်မိဘအရိပ်အောက်က မထွက်တဲ့သားသမီးလိုပဲ ဘယ်တော့မှ ကိုယ့်ဟာကို ရှာစားတတ်မှာ မဟုတ်ဘူး။ ပြိုင်ဆိုင်မှုဝင်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဆိုတော့ ဘဏ်တွေကိုလည်း ကျနော်တို့က ပြောထားတယ်။ ခင်ဗျားတို့မှာ အချိန်ရှိပါသေးတယ်။ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပါ။ ကိုယ့်ရဲ့ပြုပြင်စရာရှိတာတွေ ပြုပြင်ပါ။ ကျနော်တို့နောက်ပိုင်း ခွင့်ပြုလိုက်တဲ့အချိန်မှာ ခင်ဗျားတို့ ပြိုင်ဆိုင်လာပါလိမ့်မယ်လို့ အဓိက ပြောခဲ့ပါတယ်"

နိုင်ငံခြား ငွေ လဲလှယ်တဲ့ ဘဏ်တွေနဲ့ နိုင်ငံခြားငွေ ငွေလဲလှယ်တဲ့ နေရာတွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေနဲ့ ရှောင်တခင်စစ်ဆေးမူတွေ ပြုလုပ်နေသလို ပြည်သူတွေအနေနဲ့ လည်း တိုင်ကြားဖို့ တိုက်တွန်းခဲ့ပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ခု ဖွင့်လှစ်ခွင့်ပေးထားပြီး နောက်ထပ်ဘဏ်ခွဲတွေ ဖွင့်လှစ်ဖို့အတွက် ခွင့်ပြုချက်ပေးသွားဖို့လည်းရှိတယ်လို့ သိရပါတယ် ခင်ဗျား။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့ထားတာဖြစ်ပါတယ်။