မြန်မာ့အရေးမှာ “ထောက်ခံမှုသုံးချက်နဲ့ ကန့်ကွက်မှုသုံးချက်” ကိုင်စွဲထားကြောင်း တရုတ်ပြော

RFA Burmese
2024.08.30
မြန်မာ့အရေးမှာ “ထောက်ခံမှုသုံးချက်နဲ့ ကန့်ကွက်မှုသုံးချက်” ကိုင်စွဲထားကြောင်း တရုတ်ပြော တရုတ်-မြန်မာမီဒီယာပေါင်း ၂၀ ကျော်ထံ တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေး စိတ်ဓာတ်အကြောင်း မိတ်ဆက်ပြောကြားနေသည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျား (Ma Jia) အား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့က တွေ့ရစဉ်။
Chinese Embassy in Myanmar

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောခဲ့တဲ့ “ထောက်ခံအားပေးမှုသုံးချက်နဲ့ ကန့်ကွက်မှုသုံးချက်” ကို ကိုင်စွဲပြီး မြန်မာနိုင်ငံတည်ငြိမ်ရေး၊ ပြန်လည်သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ ပါဝင်ဆောင်ရွက်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားက ပြောလိုက်ပါတယ်။

ဩဂုတ် ၃ဝရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ တရုတ်-မြန်မာမီဒီယာတွေ့ဆုံပွဲမှာ ပြောခဲ့တာလို့ တရုတ်သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်သံရုံးရဲ့တွေ့ဆုံပွဲကို မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန်မာပေါက်ဖော်မဂ္ဂဇင်း စတဲ့ စစ်ကောင်စီ အသိအမှတ်ပြု မီဒီယာတွေ တက်ရောက်ကြတာ တွေ့ရပါတယ်။

တရုတ်သံအမတ်အသစ်ဖြစ်တဲ့ မစ္စ မာကျားဟာ ဒီရက်ပိုင်းအတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး မြန်မာပြည်အတွင်းက တရုတ်စီမံကိန်းတွေနဲ့ တရုတ်နိုင်ငံသားဝန်ထမ်းတွေကို အကာအကွယ်ပေးရေး ကိစ္စအပါအဝင် မစ္စတာ ဝမ်ယိရဲ့ ခရီးစဉ်အတွင်း သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ဆွေးနွေးခဲ့ပါတယ်။

မစ္စတာ ဝမ်ယိနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဩဂုတ် ၁၄ ရက်နေ့ တွေ့ဆုံစဉ်မှာ တရုတ်နိုင်ငံက မြန်မာပြည် လွတ်လပ်ရေး အချုပ်အခြာအာဏာနဲ့ နိုင်ငံတစ်သားတည်းဖြစ်တည်ဖို့၊ နယ်မြေတည်တံ့ဖို့ ထိန်းသိမ်းတာကို အခိုင်အမာထောက်ခံတယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ပြည်တွင်းအေးချမ်းပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ဖော်ဆောင်တာကို ထောက်ခံသလို ရှေ့လုပ်ငန်းစဉ် ငါးရပ်နဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ဖော်ဆောင်ပြီး ရေရှည်တည်ငြိမ် အေးချမ်းမယ့် လမ်းကြောင်းရှာဖွေတာကိုလည်း ထောက်ခံတယ်လို့ ပြောခဲ့တာပါ။

တရုတ်အစိုးရ ကန့်ကွက်တဲ့ သုံးချက်ကတော့ မြန်မာနိုင်ငံမှာ မတည်မငြိမ်နဲ့ စစ်ပွဲတွေဖြစ်နေတာ၊ ပြည်တွင်းရေးကို ပြည်ပအင်အားစုတွေ ဝင်ရောက်စွက်ဖက်တာ၊ တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲပြီး တရုတ်နိုင်ငံကို အမည်ဖျက် အပုပ်ချနေတာ စတဲ့ အချက်တွေကို ဆန့်ကျင်တယ်လို့ ဩဂုတ် ၁၅ ရက်နေ့က တရုတ်သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ၁ဝ၂၇ စစ်ဆင်ရေးဒုတိယပိုင်းအတွင်း စစ်တပ်စခန်းတွေနဲ့ မြို့တချို့ကို စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးနေရချိန်မှာ ဒီလလယ်လောက်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာပြည်ကို ရောက်လာပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်နေ့ကစပြီး တရုတ်စစ်တပ်ဟာ နှစ်နိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ ရွှေလီမြို့အပါအဝင် နေရာလေးခုမှာ သုံးရက်ကြာ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှု နောက်ဆုံးရက်ဖြစ်တဲ့ ဩဂုတ် ၂၉ ရက်နေ့မှာပဲ ရွှေလီမြို့လုံခြုံရေးကော်မတီက မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထဲက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဆီ တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ သတိပေးစာ ပို့ခဲ့ပါတယ်။

နယ်စပ်တည်ငြိမ်အေးချမ်းဖို့နဲ့ တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ TNLA အနေနဲ့ တိုက်ပွဲတွေကို ချက်ချင်းရပ်တန့်ရမယ်လို့ အဲဒီစာမှာ ဖော်ပြထားပါတယ်။ ဒီသတိပေးချက်ကိုမလိုက်နာရင် ဖြစ်လာမဲ့အကျိုးဆက်တွေကို TNLA ဘက်က တာဝန်ခံရမယ်လို့လည်း ရေးသားထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တစ်ကျော့ပြန် ၁ဝ၂၇ စစ်ဆင်ရေး ပြန်စကတည်းက တိုက်ပွဲတွေ ရပ်ဖို့ တရုတ်အစိုးရဘက်က ဖိအားပေးခဲ့တာလို့ TNLA ဘက်က ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။