ဒုက္ခရောက်နေသူတွေကို ကူညီဖို့ အကန့်အသတ်ရှိနေဆဲပဲလို့ ကုလရုံးထုတ်ပြန်

2021.07.30
ဒုက္ခရောက်နေသူတွေကို ကူညီဖို့ အကန့်အသတ်ရှိနေဆဲပဲလို့ ကုလရုံးထုတ်ပြန် ၂ဝ၂၁ ဇွန်လလယ်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသခံခုခံကာကွယ်ရေးတပ်တွေကြားက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကယားပြည်နယ်က ဒေသခံတစ်ဦး။
File Photo: AFP

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှု၊ တိုက်ပွဲနဲ့ လုံခြုံရေး မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ လူဦးရေ တစ်သိန်းခုနစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ဇူလိုင် ၃၀ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

အဲဒီထဲမှာ မေလ ၂၁ ရက်နေ့ကစပြီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးကြရတဲ့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် အရှေ့တောင်ပိုင်းက လူပေါင်း တသိန်းနှစ်‌သောင်းကျော် ပါဝင်တယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်မှာ ဧပြီလကတည်းက စတင်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း တစ်သောင်းရှစ်ထောင်ကျော်ဟာ ယာယီစခန်း တစ်ရာကျော်မှာ ဆက်ပြီးနေထိုင်နေကြရတယ်လို့ ပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ ၂၀၂၁ နှစ်ဆန်းပိုင်းကတည်းက လူပေါင်း နှစ်သောင်းနှစ်ထောင်လောက် ထွက်ပြေးခဲ့ရပြီး ခုနစ်ထောင်လောက်က ယာယီစခန်း ၃၃ ခုမှာ ဆက်ပြီး နေထိုင်နေရတယ်လို့ ပြောပါတယ်။ ကချင်ပြည်နယ်မှာလည်း မတ်လကတည်းက ပြန်လည်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း တစ်သောင်းတစ်ထောင်လောက် ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။

ဒါ့ပြင် ရေကြီးရေလျှံမှုတွေကြောင့် ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက မြို့နယ်အတော်များများမှာ အသက်ဆုံးရှုံးတာ၊ အိုးအိမ်စွန့်ခွာရတာတွေ ကြားသိရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေမှာ ဒုက္ခရောက်နေသူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးဖို့အတွက် အကန့်အသတ်တွေ ရှိနေဆဲဖြစ်ပြီး၊ အထူးသဖြင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိနေတာ၊ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း အကန့်အသတ်တွေ ရှိနေတာကြောင့် အခက်အခဲ ဖြစ်နေတာလို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အရေးပေါ်တုံ့ပြန်မှုအစီအစဉ် (HRP) အတွက် UN-OCHA က အမေရိကန်ဒေါ်လာ ၂၇၆.၅ သန်း တောင်းခံထားတဲ့အထဲက ၄၂ ရာခိုင်နှုန်း လက်ခံရရှိထားပြီး၊ အလှူရှင်နိုင်ငံတွေရဲ့ ထပ်မံထည့်ဝင်ငွေတွေ လိုအပ်နေသေးတယ်လို့လည်း ကုလသမဂ္ဂရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။