အမေရိကန် ဆေးပညာရှင်အဖွဲ့ နေပြည်တော်မှာ အရေးပေါ်ဆေးရုံဖွင့် ဆေးကုသပေး

အမေရိကန်နိုင်ငံက ဆရာဝန်၊ သူနာပြုတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ Samaritan's Purse အဖွဲ့က နေပြည်တော်က လက်ရှိ ယာယီဆေးကုသရေးဌာနမှာ ခွဲစိတ်မှုတွေ စတင်ဆောင်ရွက်နေပြီလို့ ဧပြီ ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒီအဖွဲ့က သဘာဝဘေးတုံ့ပြန်ရေး အထူးအဖွဲ့က အရေးပေါ်ကွင်းပြင်ဆေးရုံ တည်ဆောက်နေချိန်မှာ ဆရာဝန်တွေ နဲ့ သူနာပြု အဖွဲ့တစ်ဖွဲ့က အသက်ကယ်စောင့်ရှောက်မှု ပေးနေတယ်လို့ ဆိုပါတယ်။

ခုတင် ၆၀ ဆန့် ဆေးရုံမှာ အရေးပေါ်ခန်း၊ ဓါတ်ခွဲခန်း၊ ဆေးဆိုင်၊ အရေးပေါ် ကုသရေးယူနစ် နဲ့ ခွဲစိတ်မှု ဒါဇင်ပေါင်းများစွာ နေ့စဉ်လုပ်ဆောင်နိုင်မယ့် ခွဲစိတ်ခန်း နှစ်ခန်း တပ်ဆင်မယ်လို့ ဖော်ပြပါတယ်။
ငလျင်ဒဏ်သင့်သူ တစ်ရာနီးပါး ခွဲစိတ်ဖို့အတွက် စောင့်ဆိုင်းနေတယ်လို့လည်း ဆိုပါတယ်။

Samaritan_Purse_Emergency_Field_Hospital_in_Myanmar.jpg
Samaritan Purse Emergency Field Hospital in Myanmar Samaritan's Purse Emergency Field Hospital in Myanmar. (grace carson/Samaritan's Purse)

Samaritan’s Purse ရဲ့ ဥက္ကဌ Franklin Graham က “ကွင်းပြင်ဆေးရုံတည်ဆောက်နေတုန်းမှာ ခွဲစိတ်မှု လုပ်နိုင်တဲ့အတွက် ဘုရားသခင်ကို ချီးကျူးဂုဏ်ပြုပါတယ်၊ လူနာတိုင်းကို ဘုရားသခင်က ချစ်တယ်၊ သူတို့ တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်” လို့ပြောပါတယ်။

မတ်လ ၂၈ ရက်နေ့က ပြင်းအား ၇.၇ ငလျင်လှုပ်ခတ်ပြီးနောက် ရက်ပိုင်းအကြာမှာ နိုင်ငံတကာကယ်ဆယ်ရေး အဖွဲ့က အရေးပေါ်ကွင်းဆင်းဆေးရုံကို မြန်မာနိုင်ငံကို ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ငလျင်ကြောင့် လူပေါင်း ၃၅၀၀ ကျော် သေဆုံးပြီး ထောင်နဲ့ချီ ဒဏ်ရာရသူ ပျောက်ဆုံးသူတွေရှိတာကြောင့် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုတွေ အလွန်အမင်းလိုအပ်နေတယ်လို့ ဆိုပါတယ်။

747 ကုန်တင်လေယာဉ်တစ်စင်းဟာ ရေသန့်စင်စနစ် ခြောက်ခုအပါအဝင် အရေးပေါ်ထောက်ပံ့ရေးပစ္စည်း ၁၀၄ တန် ကျော် တင်ဆောင်ပြီး အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ကနေ ထွက်ခွာလာပြီလို့လဲ ပြောပါတယ်။

Samaritan's Purse အဖွဲ့ဟာ လက်ရှိမှာ မြန်မာနိုင်ငံမှာ အဖွဲ့ဝင် ၈၀ ကျော်ရှိပြီး လာမယ့်ရက်အတွင်း ပိုမိုရောက်ရှိလာဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။