ငလျင်ကြောင့်သေဆုံးသူ ၃၇၂၇ ဦးအထိရှိလာကြောင်း စစ်ကောင်စီပြော

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ဧပြီလ ၁၆ ရက် ညနေ ၆ နာရီအထိ သေဆုံး သူ ၃၇၂၇ ဦးအထိ ရှိလာနေတယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံပိုင်မီဒီယာ တွေကနေတစ်ဆင့်ပြောပါတယ်။

ဒါ့အပြင် ဒဏ်ရာရရှိသူ ၅၁၀၆ ဦးနဲ့ ပျောက်ဆုံးသူ ၁၂၉ ဦးအထိ ရှိနေတယ်လို့လည်းဆိုပါတယ်။

မြန်မာ့ငလျင်ဘေးအတွက် ၂၅ နိုင်ငံက လေယာဉ် ၁၃၆ ခေါက်၊ ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၉၅၆ ဦး ရောက်ရှိခဲ့သလို ထောက်ပံ့ရေးပစ္စည်း ၂၃၃၂ တန်ကျော်၊ ကယ်ဆယ်ရေးပစ္စည်း ၁၁၇၀ တန်ကျော် ရောက်ရှိ ခဲ့တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ လက်ရှိမှာ ဂျာမဏီနိုင်ငံက ဆေးအဖွဲ့ဝင်ဆယ်ဦး ထပ်တိုးရောက်ရှိနေတယ်လို့လည်း သူကဆိုပါတယ်။

မန္တလေး၊ နေပြည်တော်၊ မကွေး၊ ပဲခူးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဒေသတွေမှာ ငလျင်ဒဏ်ကိုအဓိကကြုံခဲ့ရတာဖြစ်ပြီး ဒီနေ့အထိရှာဖွေရှင်းလင်းရေးတွေကို လုပ်ဆောင်နေကြရဆဲဖြစ်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက ငလျင်ဘေးဒဏ်သင့်ဒေသခံအချို့ကတော့ နိုင်ငံတကာရဲ့ကူညီထောက်ပံ့မှုတွေကို ဒီနေ့အထိမရကြသေးဘူးလို့ပြောဆိုကြပါတယ်။