ရေဘေးနောက်ဆက်တွဲမှာ ကလေး နှစ်သိန်းခုနစ်သောင်းကျော် အကူအညီလိုအပ်နေ
2024.10.09
မြန်မာနိုင်ငံမှာ လူတစ်သန်းခန့် ရေဘေးဒဏ်ခံခဲ့ရပြီး အဲဒီအထဲမှာ ပါဝင်တဲ့ ကလေး နှစ်သိန်းခုနစ်သောင်းကျော်အတွက် အရေးပေါ် ကူညီစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) အောက်တိုဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မိဘအုပ်ထိန်းသူတွေနဲ့ မိသားစုတကွဲတပြားဖြစ်တာ၊ ကိုယ်၊ စိတ် ထိခိုက်ခံစားရတာ၊ စစ်ကျန်လက်နက် ပေါက်ကွဲနိုင်ခြေပိုများလာတာနဲ့ ရေနစ်မျောပါနိုင်တာတွေကြောင့် ကလေးတွေအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတာလို့လည်း ဆိုပါတယ်။
ရေကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ တုတ်ကွေး၊ ငှက်ဖျား၊ ကာလဝမ်းရောဂါတွေက ကလေးငယ်တွေကို ခြိမ်းခြောက်နေပြီး ဆက်ပြီးရေကြီးနေဦးမယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ရေနဲ့ သန့်ရှင်းရေးဆိုင်ရာ အကူအညီတွေ အရေးတကြီး ပေးအပ်နိုင်ဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရေဘေးကြောင့် စာသင်ကျောင်းအများအပြား ပိတ်လိုက်ရတာနဲ့ စာသင်ကျောင်းဆောင်တွေကို ရေဘေးကယ်ဆယ်ရေး စခန်းတွေအဖြစ် အသုံးပြုလိုက်ရတာတွေကြောင့်လည်း ထောင်နဲ့ချီတဲ့ ကလေးတွရဲ့ ပညာသင်ကြားခွင့်တွေ ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မိုးဆက်ရွာနေပြီး မြစ်ရေတိုးတာကြောင့် ရေနစ်မြုပ်နေဆဲ တချို့ဒေသတွေမှာလည်း စိုးရိမ်စရာဖြစ်နေဆဲလို့ အစီရင်ခံစာက ဆိုပါတယ်။
စစ်ကောင်စီရဲ့ အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်ချက်တွေအရ နိုင်ငံတစ်ဝန်း ရေကြီးမြေပြိမှုတွေကြောင့် သေဆုံးသူ ၄၃၆ ဦး အထိရှိခဲ့ပြီး ရေစီးနဲ့မျောပါပျောက်ဆုံးသူ ၆၆ ဦး ရှိခဲ့ပါတယ်။ ဒါ့အပြင် သီးနှံစိုက်ဧက ရှစ်သိန်းနီးပါး ပျက်စီးခဲ့သလို လယ်ယာသုံး ကျွဲ၊ နွားတွေ အပါအဝင် တိရစ္ဆာန် တစ်သိန်းခုနှစ်သောင်းကျော် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ရေဘေးသင့်သူတွေဟာ စိုက်ပျိုးရေးပစ္စည်းတွေ၊ အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး ဝန်ဆောင်မှုအကူအညီတွေ အချိန်မီမရခဲ့ရင် ပြန်လည်ထူထောင်ရေး နှေးကွေးမှာဖြစ်ပြီး အဲဒီဒေသတွေမှာ ရေရှည်အခက်အခဲတွေကို ဆက်ရင်ဆိုင်ရမယ်လို့ UNOCHA က ထုတ်ပြန်ပြောဆိုထားပါတယ်။