လစာမပေးဘဲ ထွက်ပြေးသွားတဲ့ အလုပ်ရှင်ကြောင့် စက်ရုံကို ပိတ်သိမ်း


2018.08.07
myanmar-fu-faung-622.jpg ဆန္ဒပြနေတဲ့ ပခုက္ကူမြို့က Myanmar Fu Fung အထည်ချုပ်စက်ရုံ အလုပ်သမားတွေကို စက်ရုံရှေ့မှာ ၂၀၁၈ ဇူလိုင်လ ၆ ရက်နေ့ က တွေ့ရစဉ်
Photo: Zaw Win Htun's Facebook

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့က Myanmar Fu Fung အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေကို တစ်လစာ လုပ်ခမပေးဘဲ အလုပ်ရှင်ထွက်ပြေးသွားတဲ့အတွက် အဲဒီစက်ရုံကို အစိုးရက မနေ့ညက ချိတ်ပိတ်လိုက်ပါတယ်။

စက်ရုံမှာကျန်ရှိနေတဲ့ စက်ပစ္စည်းတွေနဲ့ အထည်လိပ်တွေကို လေလံတင်ရောင်းချပြီး အလုပ်သမားတွေရဲ့ လုပ်ခ လစာတွေကို ပေးချေသွားမှာ ဖြစ်တယ်လို့ ပခုက္ကူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်း က ပြောပါတယ်။

“လုပ်ခလစာ ၁ လစာပေးဖို့ကျန်တယ်။ သူတို့ကတော့ ထွက်သွားတဲ့ အနေအထားပေါ့။ ထားသွားတဲ့ ပစ္စည်းတွေ စက်တွေအထည်အလိပ်တွေ အဲဒါတွေကို အစိုးရလုံခြုံရေးနဲ့စောင့်ပြီး ချိတ်ပိတ်ထားတယ်။ အလုပ်သမား ဝန်ကြီး ဌာနနဲ့ ညှိပြီးလေလံတွေ ဘာတွေပစ်မယ်ပေါ့။ ပိုင်ရှင်မရှိရင် လေလံတွေပစ်ပြီး ရလာတဲ့ငွေတွေကို အလုပ်သမား တွေရဲ့ တန်ဖိုးလုပ်အားခတွေကို ပေးချေမယ်ဆိုပြီး အဲလို ညှိနှိုင်းထားတာပေါ့နော်”

လစာထုတ်ရက်ဖြစ်တဲ့ သြဂုတ်လ ၅ ရက်နေ့မှာ လစာမရတဲ့အတွက် သြဂုတ်လ ၆ ရက်နေ့အထိ အလုပ်သမားတွေ က စောင့်ဆိုင်းခဲ့ပြီးနောက်မှာ အလုပ်ရှင်က ထွက်ပြေးတိမ်းရှောင်သွားတာကို သိရှိတာ ဖြစ်ပါတယ်။

မနေ့ညက စက်ရုံဝင်းအတွင်း အလုပ်သမားတွေ စုရုံးနေတဲ့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ အလုပ်သမားညွန်ကြားမှုဦးစီးဌာနနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အလုပ်သမားတွေနဲ့ သွားရောက် ညှိနှိုင်းခဲ့ကြတာ ဖြစ်ပါတယ်။

စက်ရုံမှာ ကျန်ရှိနေတဲ့ တန်ဖိုးရှိပစ္စည်းတွေကို အလုပ်သမားခေါင်းဆောင်တွေရှေ့မှာ ရေတွက်ပြီး ချိတ်ပိတ်ခဲ့ ပါတယ်။ အဲဒီပစ္စည်းတွေကို လေလံတင်ရောင်းချနိုင်ဖို့အတွက် လာမယ့် သြဂုတ်လ ၁၂ ရက်နေ့မှာ အလုပ်သမား တွေနဲ့ အသေးစိတ် ဆွေးနွေးမှာဖြစ်ပါတယ်။

Myanmar Fu Fung အထည်ချုပ်စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး အလုပ်သမားရာနဲ့ချီ ရှိတယ်လို့ ဦးဟန်ဇော်ဝင်း ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။