အထည်ချုပ်အလုပ်သမား နှစ်သိန်း နှစ်သောင်းကျော် အလုပ်လက်မဲ့ဖြစ်နေ

၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှာ တွေ့ရသည့် ရန်ကုန်မြို့က အထည်ချုပ် အလုပ်သမတစ်ဦး။
၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှာ တွေ့ရသည့် ရန်ကုန်မြို့က အထည်ချုပ် အလုပ်သမတစ်ဦး။ (Photo: RFA)

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက အထည်ချုပ်အလုပ်သမား နှစ်သိန်း နှစ်သောင်းကျော် အလုပ်လက်မဲ့ ဖြစ်နေရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။

အလုပ်လက်မဲ့ ဖြစ်သူတွေထဲက လူဦးရေ တစ်သိန်းရှစ်သောင်းလောက်ဟာ အမျိုးသမီးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

နယ်ကနေ မြို့ပေါ်ကို အလုပ်လာလုပ်ရင်း၊ အလုပ်လက်မဲ့ ဖြစ်သွားတာကြောင့် ရွာပြန်ရတဲ့သူတွေ ရှိသလို၊ အလုပ်လက်မဲ့ဘဝကနေ ပြည့်တန်ဆာဖြစ်သွားတဲ့ အမျိုးသမီးတွေလည်း ရှိနေတယ်လို့ အီးယူက ထုတ်ပြန်တဲ့ ဗီဒီယိုမှတ်တမ်းမှာ ဥပမာပေး ဖော်ပြထားပါတယ်။

ဆင်းရဲနှုန်း များမလာအောင် အလုပ်အကိုင်တွေ မြန်မာနိုင်ငံမှာ လိုနေသလို၊ အလုပ်သမား စံချိန်စံနှုန်းတွေနဲ့ အညီဖြစ်ဖို့ လိုတယ်လို့လည်း အီးယူက ပြောပါတယ်။

000_1AH6YB.jpg
Labours work at a garment factory in Yangon on November 1, 2018. (Photo by Ye Aung THU / AFP) (YE AUNG THU/AFP)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုဒဏ်ကြောင့် အထည်ချုပ်စက်ရုံ တော်တော်များများ ပိတ်ခဲ့ရပြီး အလုပ်သမား အများစုလည်း နစ်နာကြေးမရဘဲ အလုပ်နားခဲ့ရပါတယ်။

လက်ရှိမှာတော့ စက်ရုံတချို့ ပြန်လည် လည်ပတ်တာတွေ ရှိနေပေမယ့် အလုပ်သမားတွေဟာ လူ့အခွင့်အရေး ပိုချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီရဲ့ တာဝန်ရှိသူတစ်ယောက်က RFA ကို ပြောပါတယ်။

စစ်ကောင်စီက အလုပ်သမားသမဂ္ဂတွေကို တရားမဝင်အသင်းအဖြစ် ကြေညာပြီး ဖျက်သိမ်းထားတာကြောင့် လက်ရှိ အလုပ်သမားတွေ ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကူညီပေးမယ့်သူ မရှိဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ ဒီနှစ် ဇွန်လ စာရင်းတွေအရ အထည်ချုပ်စက်ရုံပေါင်း ၇၀၀ ကျော်ရှိပြီး ၅ဝဝ ကျော်က လက်ရှိ လည်ပတ်နေပါတယ်။