ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၅၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေအကြောင်း ဆွေးနွေးချက်တွေကို စစ်ကောင်စီက ဇူလိုင်လ ၇ ရက်မှာ ကန့်ကွက်စာထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူက “အမေရိကန်ဒေါ်လာ (၁) ဘီလီယံတန်ဖိုးရှိ သေစေနိုင်သောကုန်သွယ်မှု - မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်စေတဲ့ နိုင်ငံတကာ လက်နက်ကုန်သွယ်မှုလမ်းကြောင်းများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။
အစီရင်ခံစာဟာ စစ်ကောင်စီကို သိက္ခာချဖို့ ကြိုးပမ်းတာလို့ စစ်ကောင်စီလက်အောက်ခံ ကုလသမဂ္ဂနဲ့ အခြား နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ရုံးက ဇူလိုင်လ ၇ ရက်မှာ ကြေညာချက်ထုတ်ပြီး ဝေဖန်ပါတယ်။
လူသားဆန်မှု၊ ကြားနေမှု၊ ဘက်မလိုက်မှုနဲ့ လွတ်လပ်မှုတွေကို ကုလသမဂ္ဂမှာ လက်တွေ့ ကျင့်သုံးမှုမရှိဘူးလို့ ဆိုပါတယ်။
နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲပြီး ပိုပြင်းထန်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဖို့ တောင်းဆိုတာကလည်း ပြည်သူတွေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk ကတော့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ အာဏာသိမ်းစစ်တပ်လက်ထဲမှာ တစ်နေ့တခြား ပိုမို ဆိုးဝါးလာနေတဲ့အတွက် လုံခြုံရေးကောင်စီအနေနဲ့ ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ဇူလိုင်လ ၆ ရက်နေ့က တိုက်တွန်းခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် လူဦးရေ ၁ ဒဿမ ၅ သန်းကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ရဲ့ ဇွန်လ ၁၄ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။