မြန်မာလူငယ်နှစ်ဦးအမှုကူညီရေး တရားရေးကျွမ်းကျင်အဖွဲ့ ထိုင်းနိုင် ငံ ရောက်ရှိ

ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးအမှုကို ကူညီဖို့ မြန်မာ အစိုးရက စေလွှတ်လိုက်တဲ့ တရားရေးဆိုင်ရာကျွမ်းကျင်သူ အထူး ကိုယ်စားလှယ် ၃ ဦး ဟာ မနေ့က ထိုင်းနိုင်ငံကိုရောက်ရှိပြီး ထိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံနိုင် ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ထိုင်းရဲဌာန၊ မှုခင်းဌာနနဲ့ နိုင်ငံခြားရေးဌာနက အစိုးရတာဝန်ရှိသူတွေကို တွေ့ဆုံဖို့ စီစဉ်နေတာ ဖြစ်တယ်လို့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့ဝင် ဦးထူးချစ်က ပြောပါတယ်။

"ထိုင်းအစိုးရနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ တာဝန်ရှိတဲ့သူတွေနဲ့လည်းတွေ့ဖို့ မြန်မာသံအမတ်ကြီးကတော့ စီစဉ်ထားတာရှိပါတယ်၊ အတိအကျတော့မသိဘူး၊ အဓိကကတော့ ရဲဌာနတို့၊ မှုခင်းဌာနတို့ နိုင်ငံခြားရေးဌာနက တာဝန်ရှိတဲ့သူတွေနဲ့ တွေ့ဖြစ်မယ်လို့ ကျနော်တို့ထင်ပါတယ်၊ ဒါပေမယ့် တိတိကျကျတော့ လူပုဂ္ဂိုလ်၊ ဘယ်အဖွဲ့ အစည်းလဲဆိုတာတော့ မသိရသေးပါဘူး"

ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဥပဒေပညာရှင် ဒေါ်ခင်ချိုအုန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ ရဲမှူးကြီး စိုးနိုင်ဦးနဲ့ မြန်မာနိုင်ငံရှေ့နေ များ ကောင်စီက အယူခံမှုဆိုင်ရာကျွမ်းကျင်သူ ဦးဖေခင်တို့ ၃ဦးဟာ မနေ့က ထိုင်းနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး နဲ့ တွေ့ဆုံခဲ့သလို ထိုင်းရှေ့နေ များကောင်စီက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ထိုင်းရှေ့နေများကောင်စီက မြန်မာအစိုးရအနေနဲ့ မြန်မာနိုင်ငံသားနှစ်ဦးအမှုအပေါ် လိုက်ပါကူညီ ဆောင်ရွက်တာကို ကြိုဆိုကြောင်းနဲ့ ထိုင်းနိုင်ငံ ရနောင်းမြို့က လူသတ်မှု အပါအဝင် တခြားရွှေ့ပြောင်း အလုပ်သမားအရေးနဲ့ သက်ဆိုင်တဲ့အမှုတွေကိုလည်း ဝိုင်းဝန်းကူညီစေလိုကြောင်း ပြောကြားခဲ့တယ်လို့ ဦးထူးချစ်က ပြောပါတယ်။

မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့နှစ်ဦးအမှုကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မတိုင်ခင် အယူခံဝင်မှာဖြစ်ပြီး သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်ပေါ် မှာ တွေ့ရတဲ့ မျိုးရိုးဗီဇ DNA လွဲမှားနေမှုအပေါ် အခြေခံပြီး အယူခံဝင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာအစိုးရက စေလွှတ်ထားတဲ့ အထူးကိုယ်စားလှယ် ၃ ဦးဟာ အကျဉ်းကျခံနေရတဲ့ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ နှစ်ဦးကိုလည်း ဒီရက်ပိုင်းအတွင်း သွားရောက် တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။