မြန်မာ အိမ်အကူအမျိုးသမီး သေဆုံးမှု ထိုင်းအထူးတပ်ဖွဲ့ ပြန်စစ်ဆေးမည်

ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်တယ်လို့ ထိုင်းနယ်မြေခံရဲတပ်ဖွဲ့က သတ်မှတ်ပြီး အမှုပိတ်ခဲ့တဲ့ ထိုင်းနိုင်ငံ လပ်ဘူရီမြို့က မြန်မာနိုင်ငံသား အိမ်အကူအမျိုးသမီးတစ်ယောက် သေဆုံးမှုကို ထိုင်းအမျိုးသား မှုခင်းတိုက်ဖျက်ရေး အထူးအဖွဲ့ CSD က ပြန်လည်စစ်ဆေးနေပြီး မနေ့က သေဆုံးသူရဲ့ ရုပ်အလောင်းကို ပြန်ဖော်ခဲ့ပါတယ်။

သေဆုံးသူရဲ့ မိသားစုဝင်က တောင်းဆိုတဲ့အတွက် CSD အဖွဲ့က အမှုကို ပြန်စစ်ဆေးမှာဖြစ်ပြီး အဲဒီအဖွဲ့ဟာ ထိုင်းနိုင်ငံက ရဲတွေ၊ အာဏာပိုင်တွေ အကျင့်ပျက်ခြစားတာတွေကို ဖော်ထုတ်နေတဲ့အဖွဲ့ဖြစ်တယ်လို့ အဲဒီအမှုနဲ့ ပတ်သက်ပြီး အကူအညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။

"အမေနဲ့အစ်မအရင်းဖြစ်သူက တောင်းဆိုတဲ့အတွက် ကျနော်တို့က ထိုင်းနိုင်ငံက CSD လို့ခေါ်တဲ့ ထိုင်းအမျိုးသား မှုခင်းတိုက်ဖျက်ရေးအဖွဲ့နဲ့အတူ ပူးပေါင်းပြီး ကျနော်တို့က ဆောင်ရွက်တာဖြစ်ပါတယ်။ အဓိကကတော့ ဒီအမှုကို CSD က တန်ပြန်ထောက်လှမ်းရေးအဖွဲ့လို့လည်း ပြောလို့ရတာပေါ့နော်။ CSD က က အမှုပြန်ကိုင်မှာဖြစ်ပါတယ်။ ဒီအဖွဲ့ကဆိုရင် ထိုင်းရဲတွေ၊ ထိုင်းအာဏာပိုင်တွေ အကျင့်ပျက် လာဘ်စားမှုတွေ အမှန်တရားတွေ ဖော်ထုတ်ပေးတဲ့အဖွဲ့ဖြစ်ပါတယ်။"


လပ်ဘူရီမြို့က ထိုင်းလူမျိုးအိမ်ရှင်ဆီမှာ အလုပ်လုပ်နေတဲ့ အသက် ၁၇ နှစ်အရွယ်ရှိတဲ့ နော်ညိုညိုအေးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။

သေဆုံးမှုနဲ့ ပတ်သက်ပြီး ထိုင်းနယ်မြေခံရဲတပ်ဖွဲ့က ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနဲ့ အမှုဖွင့်ပြီး ရင်ခွဲစစ်ဆေး တာတွေ၊ တခြားစစ်ဆေးချက်တွေမလုပ်ဘဲ သြင်္ဂ ိုဟ်လိုက်တဲ့အတွက် ဒီအမှုကို ပြန်စစ်ဆေးပေးဖို့ အတွက် သေဆုံးသူရဲ့ အမေနဲ့ အစ်မဖြစ်သူက တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ထိုင်းလူမျိုး DNA ကျွမ်းကျင်ပညာရှင်ကလည်း ဒီအမှုဟာ ကိုယ်ကိုကိုယ် သေကြောင်းကြံစည်မှု မဟုတ်ကြောင်း သုံးသပ်ထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ သေဆုံးသူရဲ့ အလောင်းကို ထိုင်းအမျိုးသား ရဲအထူးဆေးရုံမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။