အရွယ်မရောက်သေးတဲ့ မြန်မာအိမ်ဖော်မိန်းကလေးတစ်ဦးကို အလုပ်အကိုင်ရှာဖွေပေးခဲ့တဲ့အတွက် Casa အမည်ရှိ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုကို စင်္ကာပူ အလုပ်သမားဝန်ကြီးဌာန MOM က ဒဏ်ငွေ စင်္ကာပူဒေါ်လာ ၅ဝဝဝ ဒဏ်ရိုက်လိုက်ပါတယ်။
အသက် ၁၄ နှစ်အရွယ် မြန်မာအမျိုးသမီးငယ်တစ်ဦးကို အလုပ်သမားဝန်ကြီးဌာနက ၂ဝ၁၇ ဇူလိုင်လက စိစစ်တွေ့ရှိခဲ့တာဖြစ်ပြီး တကယ့် အသက်အမှန်က ၁၄ နှစ်သာရှိသေးကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
Casa အနေနဲ့ အိမ်ဖော်ရှာဖွေ ခေါ်ဆောင်ရာမှာ အသက်အရွယ်ကို စစ်ဆေးခဲ့တာမရှိဘူးလို့လည်း MOM ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အလုပ်ကိုင်ရှာဖွေရေး အေဂျင်စီတွေအနေနဲ့ တဖက်က အလုပ်ရှာပေးသူပေးပို့တဲ့ အချက်အလက်တွေကိုသာ အတည်ယူပြီး ကိုယ်တိုင် အသက်ရွယ်ကို စစ်ဆေးတာမရှိခဲ့ကြောင်း၊ ဒီလိုရှာဖွေတွေ့ရှိခဲ့အပြီး မြန်မာအမျိုးသမီး ငယ်ကို မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ပြီး အသက် ၂၃ နှစ်မပြည့်မချင်း စင်္ကာပူမှာ အလုပ်လာရောက် မလုပ်ကိုင်ဖို့ တားမြစ်ခဲ့ကြောင်းလည်း သိရပါတယ်။
စင်္ကာပူ အလုပ်သမားဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့ကလည်း အသက် ၁၃ နှစ်အရွယ် မြန်မာ မိန်းကလေးငယ် ၂ ဦးကို အိမ်ဖော်အဖြစ် ခေါ်ယူခဲ့တဲ့အတွက် Casa နဲ့ Vista အလုပ် အေဂျင်စီ ၂ ခုကို အမှုဖွင့်တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။
စင်္ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း အလုပ်သမားခေါ်ယူရာမှာ အသက်အရွယ်လိုအပ်ချက်ကို မစိစစ်ခဲ့တဲ့အတွက် အရေးယူခဲ့တဲ့ အလုပ်သမားအေဂျင်စီပေါင်း ၉၈ ခုရှိတယ်လို့ သိရပါတယ်။