မြန်မာစစ်တပ်ကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးထားတဲ့ ယဉ်ကျေးမှု အဆုံးသတ်ဖို့လို

RFA Burmese
2023.03.07
Share on WhatsApp
Share on WhatsApp
မြန်မာစစ်တပ်ကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးထားတဲ့ ယဉ်ကျေးမှု အဆုံးသတ်ဖို့လို ၂ဝ၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား မြင်ကွင်းတစ်ခု။
AFP

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ နေအိမ်မီးရှို့မှုတွေလို ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေ အသုံးပြုနေတာကို ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဗြိတိန်သံအမတ် Rita French က ပြောလိုက်ပါတယ်။

မတ်လ ၆ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမှာ ကျင်းပတဲ့ ၅၂ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြောလိုက်တာပါ။

စစ်ရေးပဋိပက္ခအတွင်း အရပ်သားပြည်သူတွေနဲ့ ဆေးရုံ၊ ကျောင်း၊ ဘုရားကျောင်းတွေလို အရပ်ဘက်ဆိုင်ရာ အဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ရပ်တန့်ဖို့နဲ့ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့လည်း ဗြိတိန်သံအမတ်က တိုက်တွန်းသွားပါတယ်။

ဗြိတိန်နိုင်ငံအနေနဲ့ စစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်အောင် ... လက်နက်ရောင်းချမှု ပိတ်ပင်ရေးမှာ အားလုံးပါဝင်လာဖို့နဲ့ နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့ ဖိအားပေးသွားမယ်လို့လည်း သူက ပြောသွားပါတယ်။

ရာဇဝတ်မှု ကျူးလွန်သူတွေကို တရားရုံးတင်အပြစ်ပေးနိုင်မှသာ မြန်မာစစ်တပ်ကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးထားတဲ့ ယဉ်ကျေးမှုကို အဆုံးသတ်နိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက အဆိုးဝါးဆုံးလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်မယ့် Myanmar Witness Programme ကို တည်ထောင်ထားတယ်လို့လည်း ပြောသွားပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဂျီနီဗာမှာ မတ်လ ၆ ရက်က ပြုလုပ်တဲ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ပြောကြားချက်နဲ့ ကောင်စီအဖွဲ့ဝင်နိုင်ငံတွေ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး ကန့်ကွက်ပယ်ချကြောင်း မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ တင်သွင်းတဲ့ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရဲ့ အစီရင်ခံစာမှာ စစ်ကောင်စီဘက်က တွေ့ရှိချက်တွေကို ထည့်သွင်းမဖော်ပြဘဲ တစ်ဖက်သတ် စွပ်စွဲချက်တွေကိုသာ အခြေခံထားတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံက ဖြစ်ရပ်တွေဟာ ပြည်တွင်းရေးကိစ္စသာ ဖြစ်ပြီး နိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ထိခိုက်မှု မရှိတဲ့အကြောင်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။