လာမယ့် မေလအတွင်းပြုလုပ်မယ့် အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို အဆင့်မြင့်ပုဂ္ဂိုလ် တက်ခွင့်မပြုဘဲ နိုင်ငံရေး ရာထူးမရှိသူကိုသာ တက်ရောက်ဖို့ ဖိတ်ကြားမယ်ဆိုရင် ကိုယ်စားလှယ် စေလွှတ်မှာ မဟုတ်ဘူးလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီကနေ့ RFA ကို ပြောပါတယ်။
အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးကို လာမယ့် မေလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့မှာ ပြုလုပ်သွားမယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြီးခဲ့တဲ့ စနေနေ့ က သတင်း ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ ထိပ်ပိုင်းတာဝန်ရှိသူတွကို ဆွေးနွေးပွဲတက်ရောက်ဖို့ ဖိတ်၊ မဖိတ် ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။
စစ်ကောင်စီပြောရေးခွင့်ရှိသူကတော့ ခုချိန်အထိ အမေရိကန်အစိုးရဘက်က ဆွေးနွေးပွဲ တက်ရောက်ဖို့ ဖိတ်ကြားလာတာ မရှိသေးဘူးလို့ ပြောပါတယ်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့အကျပ်အတည်းအပေါ် အာဆီယံရဲ့ တုံ့ပြန်ဆောင်ရွက်မှု အခြေအနေ၊ တောင်တရုတ်ပင်လယ်အရေး စတာတွေ ဆွေးနွေးသွားဖို့ရှိတယ်လို့လည်း အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီထိပ်သီးအစည်းအဝေးကို ပြီးခဲ့တဲ့ မတ်လကုန်မှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် အာဆီယံအဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်တွေအကြား သဘောတူညီမှုမရလို့ ရွှေ့ဆိုင်းလိုက်ရတာပါ။
ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်းရရှိခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက်တွေကို စစ်ကောင်စီဘက်က အကောင် အထည်ဖော်ဖို့ ပျက်ကွက်နေတယ်ဆိုပြီး အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ မြန်မာက အဆင့်မြင့် ကိုယ်စားလှယ် တက်ရောက်ခွင့်ကို ပိတ်ပင်ထားပါတယ်။
နောက်လကျင်းပမယ့် ဆွေးနွေးပွဲဟာ အမေရိကန်-အာဆီယံ ဆက်ဆံရေး ၄၅ နှစ် ပြည့် အထိမ်းအမှတ်လည်းဖြစ်တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော် ပြန်ကြားရေး အတွင်းရေးမှူးက ပြောပါတယ်။