ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မြန်မာ့ရေပိုင် နက်ထဲ ရောက်ရှိလာတဲ့ လှေ ၂ စီးကို ဒုဌဝတီ ရေတပ် စခန်းက ကယ်တင်ထားလိုက်ပြီး လှေစီးဒုက္ခသည် ၂ဝဝ ကျော်ကို မောင်တောမြို့နယ် အလယ် သံကျော် ကျေးရွာမှာ နေရာချ ထားပေးတယ်လို့ သိရပါတယ်။
အဲ့ဒီလှေစီးဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်ရေတပ်က လိုက်လံဖမ်းဆီးရာကနေ ထွက်ပြေးလာပြီး မြန်မာ့ ပင်လယ် ရေပိုင်နက်ထဲကို ရောက်ရှိလာတာဖြစ်တယ် လို့ ရခိုင်ပြည်နယ် မောင်တော ခရိုင်ရဲတပ်ဖဲ့ွ ဒုတိယ ရဲမှူးကြီးရွှေသန်းက ပြောပါတယ်။
"ကျနော်တို့ကို စိစစ်လွှတ်ပေးတာတော့ အများစု ကတော့ ဘင်္ဂလားဒေရှ့်ကပဲ၊ လွှတ်တာကတော့ ပင်လယ်ပြင်စိုးမိုးရေး ဆောင်ရွက်တဲ့အချိန်မှာ ရေတပ်နဲ့တွေ့ပြီးတော့ လောလောဆယ် ဒီအဖွဲ့တွေကို မေးလို့ ရသရွေ့ကတော့ ပထမတော့ ဘင်္ဂလားဒေရှ့် ရေတပ်ကသူတို့ကို တွေ့ပြီးတော့ ဖမ်းဆီးဖို့အတွက် လိုက်တယ်ပြောတယ်၊ ပြန်လိုက်တော့ သူတို့ကပြေးတယ်ပြောတယ်၊ ပြေးတော့ ဒီဘက်က ဦးပိုင်ရေပိုင် နက်ဘက်ကိုပြေးရင်းနဲ့ မြန်မာ့ရေတပ်မတော်နဲ့တွေ့ပြီးတော့ အဖမ်းခံရနေတယ်၊ ဒီနေ့စစ်ဆေးချက်အရတော့ သိရတာပေါ့"
ကယ်တင်ထားတဲ့ သဘောၤ ၂ စီးမှာ ဒုက္ခသည် ၂ဝဝ ကျော်ပါတဲ့တစ်စီးနဲ့ နောက်တစ်စီးပေါ်မှာ ရိက္ခာတွေပါတယ် လို့ ရဲမှူးကြီးက ပြောပါတယ်။ သင်္ဘောပေါ်မှာပါလာတဲ့ ဒုက္ခသည်တွေကို အလယ်သံကျော်ကျေးရွာက အစ္စလာမ် အာရဗီစာသင်ကျောင်းမှာ ယာယီနေရာချထားပေးပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းနေပါတယ်။
အဲဒီ့ ဒုက္ခသည်တွေဟာ လူမှောင်ခိုကူးသူတွေကတဆင့် မလေးရှားနိုင်ငံကို သွားမယ့်လူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Vjay Nambiar တို့ဟာ မနက်ဖြန်မှာ အဲ့ဒီ လှေစီးဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံမှာ ဖြစ်ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး မောင်တောခရိုင် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးရွှေသန်းနဲ့ RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားတာကို တဆက်တည်း နားဆင်နိုင်ပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကို RFA သတင်းထောက် မဇင်မာဝင်းက ဆက်သွယ်မေးမြန်း ထားတာကိုလည်း နားဆင်နိုင်ပါတယ်။