မြန်မာ့ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ ထိုင်းအစိုးရကို လွှတ်တော်ကော်မတီ တိုက်တွန်း
2024.03.17
မြန်မာပြည်ပဋိပက္ခတွေ ပြေလည်အောင် ထိုင်းအစိုးရ ဆောင်ရွက်သင့်တဲ့ အချက်လေးချက်ကို ထိုင်း အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက အကြံပြုတိုက်တွန်းလိုက်တဲ့အကြောင်း ဒီနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
ပထမအချက်က ထိုင်းအစိုးရအနေနဲ့ မြန်မာပြည် အခြေအနေကိုစောင့်ကြည့်ပြီး ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်ဆောင်ရွက်နိုင်မယ့် အထူးကော်မတီတစ်ရပ်ကို လုံခြုံရေးနဲ့ နိုင်ငံခြားရေးဌာနက အရာရှိတွေနဲ့ ဖွဲ့စည်းသင့်တယ်လို့ ဆိုပါတယ်။
ဒုတိယအချက်က တိုက်ပွဲတွေကြောင့် နယ်စပ်ဒေသတွေမှာ ခိုလှုံဖို့ ပိုပြီးရောက်လာနိုင်တဲ့လူတွေနဲ့ ပတ်သက်လို့ အရေးပေါ်အစီအစဉ်တစ်ရပ် ချမှတ်ထားသင့်တယ်လို့ ဆိုပါတယ်။ ဧပြီလမှာ စတင်မယ့် စစ်မှုမထမ်းမနေရဆိုတဲ့ ဆောင်ရွက်ချက်ကြောင့် တိုက်ပွဲတွေ ပိုဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
တတိယအချက်က အစိုးရအနေနဲ့ ထွက်ပြေးလာတဲ့သူ တစ်သောင်းကို ရွာသုံးရွာမှာ နေရာချထားပေးမယ်ဆိုတဲ့အစား ဒေသအသီးသီးကို ရောက်နေတဲ့သူအားလုံးအတွက် လူသားချင်းစာနာမှု အကူအညီတွေ ရောက်အောင် ဖြန့်ပေးသင့်တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာလည်း အာဆီယံအနေနဲ့ ပါဝင်ထောက်ပံ့သင့်တယ်လို့ ဆိုပါတယ်။
စတုတ္တအချက်ကတော့ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ထိုင်းကိုယ်စားလှယ်၊ အာဆီယံဥက္ကဋ္ဌ၊ တရုတ်နဲ့ အိန္ဒိယပါတဲ့ မြန်မာ့အရေး သုံးပွင့်ဆိုင်အဖွဲ့ဖွဲ့ပြီး ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။
ဒီအချက်တွေကို အကောင်အထည်ဖော်ပြီး မြန်မာ့ပဋိပက္ခပြေလာအောင်ဆောင်ရွက်သင့်တယ်လို့ ထိုင်းအောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌဖြစ်တဲ့ ဖွေထိုင်းပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ် နိုပါဒွန် ပထမ (Noppadon Pattama) က ပြောပါတယ်။ မြန်မာ့အရေးမှာ ထိုင်းအစိုးရအနေနဲ့ နောက်ကွယ်ကနေပြီး ပံ့ပိုးကူညီသူအဖြစ်ဆောင်ရွက်မယ့်အစား ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်သင့်တယ်လို့လည်း သူက ပြောပါတယ်။ ဒီလေးချက်ဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေနဲ့လည်း သဟဇာတဖြစ်တယ်လို့ သူက ပြောပါတယ်။
မြန်မာပြည် ပြဿနာဟာရှုပ်ထွေးပေမယ့် ငြိမ်းချမ်းရေးအတွက် အာဆီယံနဲ့ ထိုင်းအတွက် သိပ်မခက်ခဲသလို၊ တကယ်လို့ ဖြေရှင်းလိုက်နိုင်ရင် ထိုင်းနိုင်ငံအနေနဲ့ ကမ္ဘာအသိအမှတ်ပြုမှုရသွားလိမ့်မယ်လို့လည်း နိုပါဒွန် ပထမ (Noppadon Pattama) က ပြောပါတယ်။