ရဲတပ်ဖွဲ့အတွင်း အဂတိလိုက်စားမှု ဆိုးဆိုးဝါးဝါးရှိနေကြောင်း ရဲဝန်ထမ်းများပြောကြား

အောင်သိင်္ခ
2020.07.06

ရဲတပ်ဖွဲ့အတွင်း ရာထူးအလွဲသုံးစားလုပ်မှုကြောင့် အများပြည်သူ ယုံကြည်လေးစားမှု ကျဆင်းစေတယ်လို့ ဝေဖန်ခံနေရပါတယ်။ လာဘ်စားမှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုရှိတယ်လို့ စွပ်စွဲခံနေရတဲ့ အရာရှိတစ်ဦးကိုတော့ မကြာသေးခင်က ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့ အရေးယူလိုက်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

စတင်တည်ထောင်ချိန်တည်းက ပြုပြင်ပြောင်းလဲမှုတွေရှိခဲ့တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ အခု နှစ်ပေါင်း ၅၀ ကျော်ချိန်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေကြားထဲ ရာထူးတိုးနိုင်ဖို့ အထက်အရာရှိကို လာဘ်ထိုးရတာ၊ အမျိုးသမီး ရဲမေတချို့ လိင်အမြတ်ထုတ်ခံရတာ ရှိနေတယ်ဆိုပြီး ရဲတပ်ဖွဲ့ဝင်တွေကြားထဲ ထုတ်ဖော်ပြောဆိုလာကြပါပြီ။

ရဲတပ်ဖွဲ့ဝင်တွေကြားထဲမှာ ရာထူးကို အလွဲသုံးစားလုပ် ဖိနှိပ်အနိုင်ကျင့်တာ၊ အထက်အရာရှိရဲ့ ဖိအားပေးတာတွေကို မခံနိုင်တဲ့အတွက် သေကြောင်းကြံစည်သူတချို့လည်း ရှိခဲ့ပါတယ်။

“ကျနော်တို့ ရဲတပ်ဖွဲ့မှာ ဖိအားတွေအများကြီး ရှိပါတယ်။ ကျနော်နဲ့ တစ်ပတ်စဉ်တည်း ပန်းတနော်ရဲ စခန်းမှာ တာဝန်ကျခဲ့တဲ့ ဒုရဲအုပ်ကောင်းမြတ်သူဆိုတာရှိပါတယ်၊ သူဟာ အပေါ်ကဖိအားဒဏ်တွေ မခံနိုင်တဲ့အဆုံးမှာ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ပါတယ်။ သေကြောင်းကြံစည်တဲ့ နှစ်ကြိမ်၊ သုံးကြိမ်မှာ သေကြောင်းကြံ စည်မှု လွတ်မြောက်ခဲ့တဲ့ အခါမျိုးကျတော့ ဇနီးသည်ကခေါ်ပြီးတော့မှ မြို့နယ်ရဲတပ်ဖွဲ့မှူးဆီကိုသွားပြီး အကူအညီတောင်းပါတယ်။ အကူအညီအတောင်းတဲ့အခါမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးကလည်း မကူညီပါဘူး၊ ကိစ္စတစ်ခုရှိလို့ သေနတ်ပြန်ထုတ်တဲ့ချိန်မှာ သူ့သေနတ်နဲ့ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ ပါတယ်။ ဒါတွေဟာ အပေါ်ရဲ့ဖိအားဒဏ်တွေကို ကျနော်တို့ အောက်ခြေမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေ အများဆုံး ခံရတာပါ”


ဒါကတော့ အမည်မဖော်လိုတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် တစ်ဦး ပြောသွားတာပါ။

တာဝန်ထမ်းဆောင်ဆဲ ဖြစ်တဲ့အတွက် သူ့ရဲ့လုံခြုံရေးအတွက် RFA အနေနဲ့ နာမည်နဲ့ရာထူးကို ဖော်ပြမထားတာ ဖြစ်ပါတယ်။ နိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေပေမယ့် ရဲတပ်ဖွဲ့အတွင်းမှာတော့ ဒီမိုကရေစီဆိုတာ မရှိဘူးလို့ သူက မှတ်ချက်ပြု ပြောပါတယ်။

NLD အစိုးရရဲ့ လေးနှစ်တာ သက်တမ်းမှာ ရဲတပ်ဖွဲ့ဝင်တချို့ကို လာဘ်ပေးလာဘ်ယူမှုနဲ့ အရေးယူခဲ့ပြီး လတ်တလောမှာတော့ ထိပ်တန်းရဲအရာရှိ သုံးဦးကို အရေးယူ စစ်ဆေးနေတာပါ။

“အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူထားတာဆိုလို့ရှိရင်လည်း ၂၀၁၆ ခုနှစ်မှာ အရာရှိ နှစ်ယောက် ၂၀၁၇ ခုနှစ်မှာ ၅ မှု အရာရှိ ငါးယောက်၊ ၂၀၁၈ မှာ ၁ မှု အရာရှိ တစ်ယောက်၊ ၂၀၁၉ ခုနှစ်မှာ ၉ မှု အရာရှိ ကိုးယောက်၊ ၂၀၂၀ ဇွန်လ ၁၅ ရက်နေ့မှာ ၂ မှု အရာရှိ နှစ်ယောက် စုစုပေါင်း ၁၈ မှုနဲ့ အရာရှိ ၁၉ ယောက် အရေးယူထားပါတယ်။ တိုင်ကြားစာကို စစ်ဆေးဆဲဖြစ်ပါတယ်။ စိစစ်ပြီးလို့ ပေါ်ပေါက်လို့ရှိရင်တော့ သတ်ချုပ်တို့ ရဲတရားရုံးတို့အမှုဖွင့် အရေးယူမှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ နောက်ဆုံး အခြေအနေကိုတော့ ပြန်ပြီးတော့မှ ပြောပေးပါ့မယ်”


၂ဝ၂ဝ  ဇွန်လ ၂၂ ရက်နေ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့  ဒုတိယရဲချုပ် မျိုးဆွေဝင်းက ပြောကြားခဲ့တာပါ။

အရေးယူခံရသူတွေထဲမှာ ရာထူးခန့်ထားရေးအပိုင်း စီမံခန့်ခွဲနေတဲ့ ရဲရာထူးခန့်ချုပ် ရဲမှူးချုပ် ဇော်မိုးသန်းဟာ ရဲတပ်ဖွဲ့ဝင်တွေ ရာထူးတိုးဖို့အတွက် ငွေကြေးနှုန်းထားအမျိုးမျိုး ယူသလို ငွေမတတ်နိုင်တဲ့ ရဲမေတချို့ကို လိင်အမြတ်ထုတ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

လက်ရှိမှာတော့ ရဲမှူးချုပ် ဇော်မိုးသန်းကို ရဲတရားရုံးမှာ စစ်ဆေးပြီး အမှုပေါ်ပေါက်တဲ့အတွက် ပြစ်ဒဏ်စီရင်လိုက်ပြီလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟကို RFA က ဆက်သွယ်မေးမြန်းချိန်မှာ ပြောပါတယ်။ ထောင်ဒဏ် ဘယ်လောက် ချမှတ်လိုက်တယ်ဆိုတာကိုတော့ မသိရှိသေးဘူးလို့ ပြောပါတယ်။

"သူတို့က ရဲတရားရုံးနဲ့ စစ်ဆေးပြီးတော့မှလေ ပြစ်ဒဏ်ချလိုက်တာပါ၊ ပြစ်ဒဏ်ချတာကိုတော့ အတည်ပြုချက် ယူနေသေးလို့လေ"

မီဒီယာအချို့မှာတော့ ရဲမှူးချုပ် ဇော်မိုးသန်းကို ရမည်းသင်းထောင်ကိုပို့ပြီး ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ရဲမှူးကြီး ကျော်သီဟကတော့ ဒီအပေါ်မှာ အတည်ပြုပြောတာ မရှိသေးပါဘူး။

၁၉၉၅ ခုနှစ်  ပြည်သူ့ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး နည်းဥပဒေ ပုဒ်မ ၄၇ (ဂ) မှာတော့  ရဲတရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပြစ်ဒဏ်ချမှတ်ချက်တို့ကို ထုတ်ပြန်ကြေညာတာ ပြောဆိုတာ မလုပ်ရဘူးလို့ ဖော်ပြထားပါတယ်။

ပုဒ်မ ၇၄ မှာတော့ ရဲတရားရုံးဆုံးဖြတ်ချက်ကိုဖြစ်စေ၊ ပြစ်ဒဏ်ချမှတ်ချက်ကိုဖြစ်စေ နစ်နာစေတယ်လို့ ယူဆရင် ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ ဝန်ကြီးထံအသနားခံစာ တင်သွင်းခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ဇနီးဖြစ်သူက သူ့ခင်ပွန်း ရာထူးတိုးဖို့အတွက် အထက်အရာရှိကို ငွေကြေးတစုံတရာ ပေးခဲ့ရသလို အထက်အရာရှိတွေရဲ့ ကတော်တွေ အနားမှာနေပြီး လိုအပ်တာ လုပ်ကိုင်ပေးရတဲ့ အခြေအနေလည်း ကြုံခဲ့ရတယ်လို့ ပြောပါတယ်။

“တာဝန်ထမ်းဆောင်နေရတာက အမျိုးသားပါ၊ အမျိုးသမီးတွေနဲ့ အဆင်မပြေခဲ့လို့ရှိရင်လည်း အမျိုးသားကို အပြစ်ပေးတာတွေ တွေ့ရတယ် နောက်တစ်ခု လူကြီးတစ်ယောက်ရဲ့ အမျိုးသမီးခိုင်းတာကို မလုပ်ပေးခဲ့လို့ ငြိုငြင်ခဲ့ရင်လည်း အပြစ်တစ်ခု ပေးအပ်ခံရတယ်။ မြို့နယ်မှူးတစ်ယောက်ရဲ့ မျက်နှာကောင်းမှ ကျမတို့ရဲ့ အမျိုးသားတွေက နေရာရမယ်ဆိုတာမျိုးတွေ သက်ရောက်နေပါတယ်။ KTV တစ်ခုဖမ်းမယ်ဆိုရင်တောင်မှ အောက်ခြေစခန်းကလောက် ဖမ်းခိုင်းလို့ရှိရင် မမိဘူးလို့ထင်တယ်၊ သူတို့အကြောင်းကြားမှာလေ အကြောင်းကြားမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဖမ်းမမိဘူး၊ အပေါ်က ဆင်းဖမ်းမှ တိတ်တိတ်လေး ခိုးဖမ်းမှ မိပါမယ်၊ လောင်းကစားတွေဆိုရင်လည်း ဒီလိုပဲ အောက်ခြေမှာကို ဖမ်းခိုင်းရင် မမိပါဘူး။ သူတို့သိရင် သတင်းပို့ပြီးတော့ ဖျက်သိမ်းလိုက်ပါတယ်”


ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရတဲ့အမှုမှာ ပါဝင်ပတ်သက်ခဲ့ပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်ကလည်း ရာထူးတိုးဖို့အတွက် ငွေပေးရတဲ့ အကျင့်ပျက်ခြစားမှုတွေဟာ အရိုးစွဲနေတဲ့ အစဉ်အလာတခုဖြစ်နေပြီလို့ ပြောပါတယ်။

“ကျနော်တို့ခေတ်ကတော့ တစ်ယောက်နဲ့ တစ်ယောက် ရေးဖြေစာမေးပွဲဖြေလို့ရှိရင် ဖြေရတဲ့ဘာသာရပ်တွေ ပတ်သက်ရင် ဒီဥပဒေစာတွေပဲဖြစ်တော့ ရေးဖြေမှာအမှတ်က သိပ်မကွာဘူးဗျ။ ဘယ်နေရာ ကွာလဲဆိုတော့ အများစုပါတာကတော့ အဲဒီအကြီးအကဲတွေရဲ့ အနီးကပ်တာဝန် ထမ်းဆောင်တဲ့သူတွေပေါ့။ PSO လိုလူမျိုးတို့ ။ နောက်တစ်ခါ သူတို့ကို အများကြီး ရှာဖွေပေးနိုင်တဲ့ အရာရှိမျိုးတွေပဲ သူတို့က အမြန်ဆုံးတိုးသွားကြတာ၊ သမာရိုးကျ ကျော်ဖြတ်တဲ့လူကျတော့ တော်တော်ကို မလွယ်တာပါ”

ဒုရဲမှူး မိုးရန်နိုင်ရဲ့ ပြောဆိုချက်တွေ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ်  စွပ်စွဲပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေဆီကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ဖြေကြားတာ မရှိပါဘူး။

ရဲတပ်ဖွဲ့ဝင် အကြီးအကဲနေရာ ယူထားတဲ့သူတွေဟာ တပ်မတော် အရာရှိတွေကနေ ရဲတပ်ဖွဲ့ထဲကို အသွင်ပြောင်း နေရာယူလာတဲ့အတွက်ကြောင့် ရဲကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီး အားနည်းချက် ရှိနိုင်တယ်လို့ ပြောဆိုသူတွေလည်း ရှိလာပါတယ်။

“ရောက်လာတဲ့သူတွေကလည်းပဲ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ နားမလည် မသိတဲ့အခါကျတော့ ဒီလို ဖြစ်နေတာပေါ့ ဌာနဆိုင်ရာမှာလည်း တော်တော်များများကတော့ အသွင်ပြောင်းတွေပဲ များတယ်လေ သူတို့တွေကလည်းပဲ တပ်မတော်က ကူးပြောင်းလာတဲ့ စိတ်ကိုဖျောက်ပြီးတော့ ဌာဆိုင်ရာရဲ့ လုပ်ထုံးလုပ်နည်းတွေ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာမယ်၊ ငါ တပ်ကပြောင်းလာတာပဲ ငါ့ဆီမှာ ဘယ်သူအားကိုး ဘယ်ဝါရှိတယ်ဆိုတဲ့ဟာတွေ ဖျောက်ပြီးတော့ နေလိုက်မယ်ဆိုရင်တော့ အဆင်ပြေသွားမယ်လို့ ယူဆရ ပါတယ်။ တချို့ဆိုရင်လည်းပဲ ပြောင်းလာတဲ့သူတွေ တော်တော်များများ ကောင်းပါတယ်၊ အမျိုးသမီးကိစ္စ ရှင်းတယ်၊ လာဘ်ပေးလာဘ်ယူ တော်တော်တန်တန် မရှိဘူး”

အငြိမ်းစား ဒုရဲမှူးကြီးဟောင်း ဦးသိန်းအောင် ပြောသွားတာပါ။

ရဲတပ်ဖွဲ့ဝင်တွေထဲမှာ လာဘ်ပေးလာဘ်ယူမှုတွေ ဖြစ်ပေါ်လာတာကလည်း လစာမလောက်ငှမှုတွေ အမှုလိုက်ချိန်မှာ နိုင်ငံတော်နဲ့ ဝန်ကြီးဌာနရဲ့ ထောက်ပံ့မှုတွေမှာ လိုအပ်ချက်တွေ ရှိနေသေးတဲ့ အတွက်ကြောင့်ဖြစ်မယ်လို့ သူ့ရဲ့ အယူအဆကို ပြောပါတယ်။

ရဲတပ်ဖွဲ့ကိုဝင်ရောက်လာတဲ့ အများခေါ်တဲ့ မိုးကျရွှေကိုယ်လို့ခေါ်တဲ့ အသွင်ပြောင်းဝန်ထမ်းတွေအနေနဲ့ ရဲစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကျင့်သုံးဖို့ ရဲဝန်ထမ်းဟောင်းအများစုက ဝေဖန်ထောက်ပြကြပါတယ်။

“ဥပဒေကို ကာကွယ်စောင့်ရှောက်နေတဲ့သူ တစ်ယောက်က ဥပဒေကိုချိုးဖောက်တယ်ဆိုတာ ဒါမဖြစ်သင့် ကိစ္စပဲ၊ အုပ်ချုပ်တဲ့ လူကြီးတွေကိုယ်တိုင်က အဲလိုဖြစ်တယ်ဆိုတာက မဖြစ်သင့်တဲ့ကိစ္စပဲ ဘာဖြစ်လို့လဲ ဆိုတော့ ဒါရဲလုပ်ငန်းကို မကျွမ်းကျင်တဲ့လူတွေရဲ့ လုပ်ရပ်တွေပေါ့၊ ဥပဒေကို မလိုက်နာလို့ပေါ့၊ ရဲလုပ်ငန်းမှာ ရဲသမိုင်းမှာ ရှိပြီးသားပဲ၊ ညွှန်ကြားချက်သတ်မှတ်ချက် ရဲလက်စွဲနဲ့ အညီလုပ်လို့ရှိရင် ဘာမှအန္တရာယ်မဖြစ်ဘူး ရဲလက်စွဲမှာ သတ်မှတ်ချက်တွေ ညွှန်ကြားချက်တွေ အမိန့်တွေပါပြီးသား အဲအတိုင်းသာလုပ်သွားလို့ရှိရင် လာဘ်ပေး လာဘ်ယူတွေလည်း လုပ်စရာမလိုဘူး၊ ကိုယ့်လုပ်ငန်းကိုပဲ တစိုက်မတ်မတ်သာ လုပ်သွားလို့ရှိရင် ဒီလိုကိစ္စတွေက ဖြစ်လာစရာကို မရှိဘူး”

အငြိမ်းစား ရဲမှူးဟောင်း ဒေါ်သီသီမြင့် ပြောသွားတာပါ။

ဝေဖန်မှုတွေ ထွက်ပေါ်နေပေမယ့် နိုင်ငံတော်အဆင့် ဖြေရှင်းမှုတွေကတော့ အများပြည်သူ ကျေနပ်လောက်တဲ့ အဖြေမရှိသေးပါဘူး။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင်တွေနဲ့ သံသယနဲ့ ဖမ်းဆီးထားသူတွေကို  အမှုစစ်ဆေး ချိန်တွေမှာ နှိပ်စက်ညှဉ်းပန်းမှုတွေ ရှိခဲ့တဲ့အတွက် သေဆုံးသွားသူတွေ ဒဏ်ရာအပြင်းအထန် ရသွားသူတွေဟာလည်း မြန်မာနိုင်ငံ အနှံ့အပြားမှာရှိနေပြီး အပြစ်ပေးအရေးယူမှုအပိုင်းတွေမှာ ပွင့်လင်းမြင်သာစွာ ချပြမှုမရှိတဲ့အပြင် အချို့တိုင်ကြားမှုတွေဟာ ယနေ့အချိန်အထိ တရားမျှတမှု မရှိခဲ့တာတွေလည်း ရှိနေပါတယ်။

ရဲမှူးချုပ် ဇော်မိုးသန်းကို တိုင်ကြားထားတဲ့ အမျိုးသမီးရဲမေတွေနဲ့ ပတ်သက်ပြီး တစုံတရာ ဖြေကြားတာလည်း မရှိသေးပါဘူး။ ရဲမှူးချုပ် ဇော်မိုးသန်းဟာ ရာထူးကို အသုံးပြုပြီး စွပ်စွဲချက်အတိုင်း အမှန်တကယ် ကျူးလွန်မယ် ဆိုရင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းနိုင်တဲ့အတွက် အရေးယူသင့်တယ်လို့ ဥပဒေပညာရှင် တွေက တိုက်တွန်းကြပါတယ်။

“အခုတော်တော်များများက ဖြစ်နေတာက ငွေကြေးပတ်သက်မှ အဂတိလို့ပဲ သတ်မှတ်ပြီးတော့ လုပ်နေကြတာတွေပါ၊ ဒါပေမဲ့ တကယ်ကျတော့ အဂတိဆိုတာက ဂတိလေးပါး ဘယာဂတိ ဒေါသာဂတိ ဘာညာပေါ့ဗျာ။ တကယ်ကျတော့ အဂတိထဲမှာ အခွင့်အရေးတစ်ခုပေးတာပေါ့ဗျာ၊ မလျော်သြဇာသုံးပြီးတော့မှ အခွင့်အရေးတစ်ခုကို ယူတာ။ အဲဒါတွေက အဂတိထဲပါမှာပေါ့ဗျာ၊ ပါရမှာပေါ့ဗျာ”


တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော် ပြောသွားတာပါ။

မြန်မာနိုင်ငံရဲ့တရားဥပဒေဟာလည်း အားရကျေနပ်စရာ မရှိတော့ တိုင်ကြားထားသူတွေအတွက် တရားမျှတမှု ရှိပါ့မလားဆိုတာ စောင့်ကြည့်ရမယ်လို့ သူက ဆိုပါတယ်။ တရားဥပဒေစိုးမိုးရေး မဏ္ဍိုင်မှာ အဓိကအစိတ်အပိုင်း တခုအနေနဲ့ မားမားမတ်မတ်ရှိနေရမယ့်၊ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှုတွေကို စစ်ဆေးအရေးယူရမယ့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထိပ်တန်းအရာရှိ တစ်ဦးကိုယ်တိုင် လိင်အကြမ်းဖက်မှု ကျူးလွန်တယ်ဆိုတာဟာ အများပြည်သူရဲ့ ယုံကြည်မှု ကျဆင်းစေသလို ရဲတပ်ဖွဲ့ဝင်ဟောင်းတွေ၊ လက်ရှိတာဝန် ထမ်းဆောင်နေသူတွေ အနေနဲ့လည်း ဂုဏ်သိက္ခာ ထိခိုက်စေတယ်လို့ ဝေဖန်နေကြပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ အင်အား ၉ သောင်းကျော်ရှိပြီး ၂၀၁၂ ခုနှစ် နောက်ပိုင်းမှာတော့ အမျိုးသမီးရဲမေ ၂၀ ရာခိုင်နှုန်းကျော် တိုးမြှင့်ခန့်ထားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သတင်းမီဒီယာတွေမှာ ဖြေကြားထားပါတယ်။

ရဲတပ်ဖွဲ့ကို ၁၈၈၇ ခုနှစ် အောက်တိုဘာက တည်ထောင်နိုင်ဖို့ ကြိုးစားခဲ့ပြီး ၁၉၆၄ ခုနှစ်ကစလို့ ပြည်သူ့ရဲတပ်ဖွဲ့ဆိုပြီး တည်ထောင်ခဲ့တာဖြစ်ပါတယ်။

၁၉၉၅ ခုနှစ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုပြီး အမည်ပြောင်းလဲခေါ်ဝေါ်ခဲ့တာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာဆိုရင် ၅၄ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ကူညီပါရစေဆိုတဲ့ ရဲတပ်ဖွဲ့ရဲ့ ဆောင်ပုဒ်နဲ့အညီ တရားဥပဒေရဲ့ အကာအကွယ် လိုအပ်နေတဲ့ ပြည်သူတွေအပေါ် အပြည့်အ၀ မကူညီနိုင်တဲ့ အများပြည်သူရဲ့ ယုံကြည်အားကိုးမှု ကျဆင်းနေတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်မြှင့်လုပ်ဆောင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။