ထိုင်းက မြန်မာစာသင်ကျောင်း ခြောက်ကျောင်း အပိတ်ခံရ
2024.09.07
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့က မြန်မာရွှေ့ပြောင်းကလေး တစ်ထောင်ကျော် ပညာသင်နေတဲ့ “မေတ္တာရိပ်” မြန်မာစာသင်ကျောင်းအပါအဝင် စာသင်ကျောင်း ခြောက်ကျောင်းကို ထိုင်းအစိုးရက ပိတ်သိမ်းလိုက်ပါတယ်။
ဒီမြန်မာကျောင်း ခြောက်ကျောင်းကို ပိတ်သိမ်းပြီးနောက် ထိုင်းပညာရေးဝန်ကြီးဌာနက တရားမဝင် ဖွင့်လှစ်ထားတဲ့ မြန်မာစာသင်ကျောင်းတွေ ရှိ မရှိ စစ်ဆေးဖို့ ကျန်တဲ့ ဒေသအာဏာပိုင်တွေကို ညွှန်ကြားထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (FED) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က တစ်နိုင်ငံလုံးမှာ စစ်ဆေးဖို့ ထိုင်းအစိုးရက ညွှန်ကြားထားတာကြောင့် မြန်မာစာသင်ကျောင်းတွေအားလုံးအတွက် စိုးရိမ်တယ်လို့ ပြောပါတယ်။
“ဒီခြောက်ကျောင်းမကဘူး ကျွန်တော်တို့ စိုးရိမ်တာက ရွှေ့ပြောင်းအလုပ်သမား ကျောင်းတွေဆိုရင် ၁၅ဝ-၂ဝဝ ပတ်ချာလည် အနည်းဆုံးရှိတယ်။ အဲဒီကျောင်းတွေအတွက်ပါ စိုးရိမ်ရတယ်။ ရွှေ့ပြောင်းအလုပ်သမား ကလေးငယ်တွေရဲ့ ကျောင်းတွေကို အကုန်လုံးလိုက်ပိတ်လိုက်ဖို့ဆိုတာ ထိုင်းအစိုးရအနေနဲ့ မဖြစ်နိုင်ဘူးလို့ ယုံတယ်၊ ကျွန်တော်တို့ကို နည်းမှန်လမ်းမှန်နဲ့ ဖွင့်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်”
မြန်မာစာသင်ကျောင်းတွေနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆေးဖို့ဆိုတဲ့ ထိုင်းအစိုးရရဲ့ ညွှန်ကြားချက်ထဲမှာ စာသင်နေတဲ့ ဝန်ထမ်းတွေရဲ့ အလုပ်လုပ်ခွင့်၊ နေထိုင်ခွင့်တွေကို စစ်ဆေးဖို့လည်း ပါဝင်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဦးထူးချစ်က “မြန်မာစာသင်ကျောင်းတွေမှာ ပညာသင်ပေးနေတဲ့ ဆရာ ဆရာမတွေရဲ့ အလုပ်လုပ်ခွင့် ထိုင်းရဲ့ အလုပ်သမားဝန်ကြီးဌာန ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းအရ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့က ပညာရေးဝန်ထမ်းတွေ လုပ်လို့မရဘူး။ အဲဒါတွေက ဘယ်လိုပုံစံမျိုးဖြစ်မလဲ၊ လုပ်အားပေးလား အဲ့လိုပုံစံမျိုးတော့ ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ် မြန်မာ ဆရာ ဆရာမတွေ အပြစ်ပေးအရေးယူခံရမှာကို စိုးရိမ်ပါတယ်”လို့ ပြောပါတယ်။
မေတ္တာရိပ်စာသင်ကျောင်းဟာ ၂၀၀၇ ခုနှစ် ပုဂ္ဂလိကကျောင်းများအက်ဥပဒေအရ တည်ထောင်ဆောက်လုပ်ခွင့်မရှိဘဲ လုပ်ဆောင်နေတာကြောင့် လုပ်ငန်းအားလုံးရပ်ဆိုင်းလိုက်ပြီး တရားဥပဒေရအရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ဆူရတ်ဌာနီခရိုင်ပညာရေးရုံးက စက်တင်ဘာ ၄ ရက်နေ့မှာ သတိပေးစာ ထုတ်ပြန်ခဲ့တာပါ။
အဲဒီစာသင်ကျောင်းဟာ ထိုင်းအာဏာပိုင်တွေရဲ့ တရားဝင်ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားတာဖြစ်ပြီး ၂ဝ၂၂ ခုနှစ်ကတည်းက ကျောင်းကို ပိတ်ဖို့ ခရိုင်ပညာရေးရုံးက ညွှန်ကြားထားတာလို့ စူရတ်ဌာနခရိုင်ရဲ့ ဒုတိယအုပ်ချုပ်ရေးမှူးက ပြောထားပါတယ်။ မေတ္တာရိပ်စာသင်ကျောင်းပိုင်ရှင် ထိုင်းလူမျိုးနဲ့ မြန်မာ ဆရာ၊ ဆရာမ ၂၄ ယောက် အပြင် ထိုင်း ဆရာ၊ ဆရာမ ခြောက်ဦးတို့ကိုလည်း စစ်ဆေးအရေးယူသွားမယ်လို့ စက်တင်ဘာ ၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ စူရတ်ဌာနီ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။ အဲဒီကျောင်းမှာ မြန်မာ ကျောင်းသား ဦးရေ ၁၂၅ဝ တက်ရောက်နေတာဖြစ်ပါတယ်။
မြန်မာစာသင်ကျောင်းတွေအနေနဲ့ ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ ဥပဒေတွေနဲ့အညီ ဖွင့်လှစ်ဖို့၊ စာသင်ပေးနေတဲ့ ရွှေ့ပြောင်းမြန်မာလူမျိုးတွေအနေနဲ့လည်း စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လိုက်နာဆောင်ရွက်ကြဖို့လည်း ဦးထူးချစ်က တိုက်တွန်းပါတယ်။ ထိုင်းနိုင်ငံမှာ ပညာသင်ကြားနေတဲ့ မြန်မာရွှေ့ပြောင်းကလေး အနည်းဆုံး ငါးသိန်းလောက် ရှိတယ်လို့ အကူအညီပေးနေသူတွေက ခန့်မှန်းကြပါတယ်။