နှစ်နိုင်ငံနယ်စပ်ကနေ ဒုက္ခသည်တွေ ထွက်ခွာဖို့ သတိပေး

မြန်မာ - ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ကြားမှာ သွားရောက်နေထိုင်နေကြတဲ့ မွတ်စလင်ဒုက္ခသည်တွေကို အမြန်ဆုံးထွက်ခွာကြဖို့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက အသံချဲ့စက်တွေနဲ့ ပြန်လည်ထပ်မံသတိပေးနေတယ်လို့ AFP သတင်း က ဖေါ်ပြပါတယ်။

အဲဒီနေရာမှာ သွားရောက်နေထိုင်နေသူဦးရေ ခြောက်ထောင်လောက်ရှိပါတယ်။ မြန်မာ့တရားဥပဒေ သက်ရောက်နေတဲ့ အဲဒီနေရာကနေ အမြန်ဆုံးထွက်ခွာကြဖို့ မထွက်ခွာရင် အရေးယူခံရမှာဖြစ်ကြောင်း စနေနေ့ကစပြီး မြန်မာ ဘင်္ဂလီ နှစ်ဘာသာနဲ့ အကြိမ်ကြိမ်ထပ်မံ ကြေညာနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းက မြန်မာဘက်ကနေ ထွက်ပြေးလာခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်ဘက်ကိုလည်းဝင်ဖို့ အခက်အခဲရှိနေတဲ့ ဒုက္ခသည်တွေ နယ်စပ်မျဉ်းပေါ်မှာ ယာယီတဲတွေထိုးပြီး နေထိုင်နေကြတာဖြစ်ပါတယ်။ သူတို့ကို နေရပ်ပြန်လာဖို့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက အသံချဲ့စက်တွေနဲ့ ကြေညာခဲ့ရာမှာ၊ နှစ်နိုင်ငံ လုံခြုံရေးတပ်တွေကြား တင်းမာမှုတွေဖြစ်ခဲ့ပါတယ်။ အဲဒီနောက် နှစ်ဖက် ညှိနှိုင်းခဲ့ပြီး၊ မြန်မာဘက်က အသံချဲ့စက်နဲ့ ကြေညာတာတွေ ယာယီရပ်တန့်ခဲ့ပြီး၊ အခု ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဒုက္ခသည်တွေ မပြန်ရဲကြသေးဘူးလို့ဆိုပါတယ်။ အခုအခါ မုတ်သုံရာသီရောက်လာပြီမို့ ဒုက္ခသည်တွေ နေထိုင်ရေး အခက်တွေ့နေကြရတယ်လို့ သတင်းမှာဖေါ်ပြပါတယ်။

ဒီအတွင်း အမေရိကန်အစိုးရ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ USAID အုပ်ချုပ်ရေးမှူး Mark Green က ဒုက္ခသည်တွေရဲ့ အခွင့်အရေးတွေအတွက် အာမခံနိုင်တဲ့ မြဲမြံတဲ့ခြေလှမ်းတွေလှမ်းဖို့၊ ဒုက္ခသည်တွေ ဂုဏ်သိက္ခာ ရှိရှိ စိတ်ချလက်ချ ပြန်လာနိုင်ရေး အားပေးတဲ့အနေနဲ့ သဘောထားရိုးဖြောင့်မှုကို ပြသဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

သူ့ရဲ့ သုံးရက်ကြာ ရခိုင်ပြည်နယ် ခရီးစဉ်အပြီးမှာ တိုက်တွန်းပြောဆိုခဲ့တာပါ။ ဒါ့ပြင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က မွတ်စလင်ဒုက္ခသည်တွေအတွက် ဒေါ်လာ ၄၄ သန်း ကူညီမယ်လို့လည်း ပြောပါတယ်။