ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဒေသခံ ရှစ်ဦးထဲက ခြောက်ဦးကို စစ်ကောင်စီတပ်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ပုဏ္ဏားကျွန်းမြို့နယ် တရားရုံးမှာ တရားစွဲထားတယ်လို့ မိသားစုဝင်က RFA ကို ဇူလိုင်လ ၇ ရက် ဒီနေ့ ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့ခံတွေဖြစ်ကြတဲ့ ဦးဘလှိုင်၊ ဦးမျိုးသွင်၊ ဦးကျော်မင်း၊ ဦးဝင်းမောင်သန်း၊ ဦးထွန်းလှိုင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် မင်းဂံရွာက ဦးမြတ်သူထွန်းတို့ တရားစွဲခံလိုက်ရတာပါ။
အဲဒီအထဲက ဦးဘလှိုင်နဲ့ ဦးမျိုးသွင်ကတော့ တာဝန်ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၃၃၊ ဥပဒေနဲ့ ဆန့်ကျင်တဲ့ အစုအဝေးတွေမှာ သေစေလောက်တဲ့လက်နက်ကို စွဲကိုင်ကာ ပါဝင်တယ်ဆိုပြီး ပုဒ်မ ၁၄၄ နဲ့လည်း တရားစွဲခံထားရတယ်လို့ ဦးဘလှိုင်ရဲ့ ဇနီး ဒေါ်အေးအေးခိုင်က RFA ကို ပြောပါတယ်။
“ရဲစခန်းကနေ ကျမတို့သိရတာပေါ့နော်။ ခြောက်ယောက်လုံးက ၅၀၅ (က) နဲ့ တရားစွဲခံရတယ်။ ပြီးရင် ကျမ အမျိုးသားနဲ့ ကားဂိတ်မှူး ကိုမျိုးသွင်က ပုဒ်မ ၃၃၃၊ ပုဒ်မ ၁၄၄ နဲ့ပါ တရားစွဲခံရတယ်။ ကျမ အမျိုးသားမှာ ဘာအပြစ်မှ မရှိပါဘူး။ သူက နိုင်ငံရေးနဲ့လည်း မပတ်သက်ဘူး။ ရိုးရိုးသားသား စီးပွားရေးပဲ လုပ်စားနေတာပါ”
ဦးဘလှိုင်ဟာ ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှာ ဆောက်လုပ်ရေးပစ္စည်းဆိုင်ဖွင့်ထားတာဖြစ်ပြီး ဇွန်လ ၁၆ ရက် နေ့မှာ သူ့ရဲ့ဆိုင်ကနေ ပစ္စည်းလာဝယ်တဲ့ စစ်ကောင်စီတပ်သားတစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီး သွားပြီးနောက် သူ့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။
လက်ရှိမှာတော့ သူတို့ ခြောက်ဦးလုံးကို ဇူလိုင်လ ၅ ရက်နေ့ကတည်းက စစ်ကြောရေးကနေ စစ်တွေ အကျဉ်းထောင် ပို့ဆောင်ထားပြီး ချုပ်ရက်ရမန်ကို ဇူလိုင် ၁၅ ရက်နေ့အထိ ယူထားတယ်လို့လည်း ဆိုပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် လက်ဝဲစာတိုက်ရွာအဝင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံလိုက်ရတဲ့ အသက် ၁၈ နှစ်နဲ့ ၁၈ နှစ်မပြည့်သေးတဲ့ ပေါက်တောပြင်ကျေးရွာက လူငယ်နှစ်ဦးကတော့ စစ်ကြောရေးမှာပဲရှိနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ကတည်းက ကျောက်တော်မြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ ကိုဇော်ဝင်းကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၅ (က)၊ ဦးကျော်သန်းမောင်နဲ့ ကိုဇော်မိုးထက်တို့ကိုတော့ နိုင်ငံတော်အကြည်ညို ပျက်စေမှု ဥပဒေပုဒ်မ ၅ဝ၅ (ခ) တို့နဲ့ ကျောက်တော်မြို့မ ရဲစခန်းမှာ အမှုဖွင့်ခံထားရပါတယ်။
ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော်ကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အဲဒီနောက် ဒေသခံ ၄၀ လောက်ကိုလည်း စစ်ကောင်စီတပ်က ဖမ်းထားတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရခိုင်ပြည်နယ်အတွင်းမှာ အရပ်သားတွေကို ဖမ်းဆီးတာ မရှိဘူးလို့ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့က RFA ကို ပြောဆိုထားပါတယ်။