ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် အတွင်းက ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်တွေမှာ စားနပ်ရိက္ခာနဲ့ လောင်စာဆီ သယ်ဆောင်ခွင့်ကို စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ကန့်သတ်တားဆီးနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဇူလိုင်လ ၆ ရက် မနေ့ကတော့ ကျောက်ကြီးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်မှာ ဆန်ကို အိတ်လိုက်သယ်ခွင့်မပြုတာ၊ စက်သုံးဆီကို ဂါလန်ပုံးတွေနဲ့ သယ်ခွင့်မပေးဘဲ ရေသန့်ဘူးနဲ့ပဲ သယ်ခွင့်ပေးတာ စတဲ့ ကန့်သတ်မှုတွေကို စတင်လုပ်ဆောင်လာတယ်လို့ ကျောက်ကြီးမြို့နယ် ထဲက ဒေသခံတစ်ဦးက ပြောပါတယ်။
“ဆန်တို့၊ ဆီတို့၊ တခြား ငရုတ်၊ ကြက်သွန်တို့ပေါ့။ နည်းနည်းများတယ်ဆိုရင် သူတို့က ပေးမသယ်ဘူး။ ခုနက အဖြစ်အပျက်ဆိုရင် ဂိတ်မှာချခိုင်းပြီး သူတို့အရှေ့မှာ အဲ့ဆန် တစ်အိတ်ကို သုံးခါခွဲပြီး ဖြတ်ပေးရတယ်။ အိတ်လိုက်ပေးမသွားဘူး”
ရွှေကျင်မြို့နယ်အတွင်းမှာတော့ ဇူလိုင်လ ၉ ရက်နေ့ကစပြီး ကုန်းလမ်းနဲ့ ရေလမ်းက စားနပ်ရိက္ခာ တင်ဆောင်တာနဲ့ ခရီးသွားတဲ့အခါ ထောက်ခံစာပါမှ သွားလာခွင့်ပြုမှာဖြစ်ပြီး ထောက်ခံစာမပါရင် သယ်လာတဲ့ပစ္စည်းတွေ သိမ်းဆည်းတာအပြင် အရေးယူခံရမယ်လို့ စစ်ကောင်စီက ဇူလိုင်လ ၆ ရက် မနေ့က အမိန့်ထုတ်ထားတယ်လို့ ရွှေကျင်မြို့ခံတွေက ပြောပါတယ်။
စားနပ်ရိက္ခာ သယ်ယူခွင့် ကန့်သတ်ခံရတာကြောင့် အဲဒီဒေသမှာရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ စားဝတ်နေရေးအတွက် အခက်အခဲရှိတယ်လို့ စစ်ဘေးဒုက္ခသည်အရေး အကူအညီပေးနေတဲ့ ဒေသခံ ကရင်လူမှုရေးရာအဖွဲ့က အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“စစ်ရှောင်တွေအတွက်တော့ ဒီလိုမျိုး အစားအသောက်တွေဖြတ်ထားတော့ စားဖို့သောက်ဖို့ ဒုက္ခတွေရောက်တာပေါ့။ အဆင်မပြေဘူးပေါ့လေ။ ကျနော်တို့ဘက်က ပြင်ဆင်ထားနိုင်တဲ့ တိုင်အောင် သယ်ယူဖို့က ခက်ခက်ခဲခဲနဲ့ ပြန်လာယူနေရတဲ့ အနေအထားရှိတယ်။ အခေါက် ခေါက် အခါခါသယ်နေရတာပေါ့”
စားနပ်ရိက္ခာသယ်ဆောင်ခွင့် ကန့်သတ်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA ဆက်သွယ်မေးမြန်းပေမယ့် ဒီနေ့ နေ့လယ်ပိုင်းထိ အကြောင်းမပြန်ပါဘူး။
ညောင်လေးပင်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) နဲ့ ပူးပေါင်းတပ်တွေ နေ့စဉ်လိုလို ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးနေရသူ လေးသောင်းကျော်အထိရှိနေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
ဇူလိုင်လ ၇ ရက် ဒီနေ့ မနက်ပိုင်းမှာလည်း ကျောက်ကြီးမြို့နယ် နတ်သံကွင်းနဲ့ နောင်ကုန်းရွာ အနီးက ကျိုးနေတဲ့တံတားလာပြင်တဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) နဲ့ ပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။